Live
Home
မြန်မာသတင်း
ရွှေလင်ဗန်းစက်မှုဇုန်ရှိ ဆွိတီးဟုမ်းမွေ့ယာစက်ရုံဂိုဒေါင် မီးလောင်
DVB
·
March 29, 2023

ရန်ကုန်၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ မောင်ကျန်သီးလမ်းရှိ ဆွိတီးဟုမ်း မွေ့ယာစက်ရုံရှိ ဂိုဒေါင် ၂ လုံးမှာ မတ်လ ၂၉ ရက် ဒီနေ့ညနေပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

ညနေ ၃ နာရီခွဲလောက်က မီးစလောင်ချိန် Level 2 အဆင့်နဲ့ ငြှိမ်းသတ်ခဲ့ကြပေမဲ့ မီးမထိန်းနိုင်လို့ Level 3 အဆင့်နဲ့ ငြှိမ်းသတ်ခဲ့ရတာကြောင့် ညနေ  ၄ နာရီ ၁၄ မိနစ်မှာ မီးထိန်းနိုင်ပြီး ၄ နာရီ ၂၉ မိနစ်မှာ မီးငြိမ်းသွားတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပါတယ်။

ဆွိတီးဟုမ်းမွေ့ယာစက်ရုံဝင်းထဲက ဓာတုဗေဒပစ္စည်းနဲ့ ကုန်ကြမ်းတွေ သိုလှောင်ထားတဲ့ ဂိုဒေါင်တခုကနေ စတင်လောင်ကျွမ်းကာ ပြိုကျခဲ့ပြီး နောက်ထပ်ဂိုဒေါင် အဆောက်အဦ တလုံးပါ မီးလောင်ပြိုကျခဲ့တဲ့အပြင် ဝန်ထမ်းတွေရှိတဲ့ စက်ရုံဘက်ခြမ်းကိုပါ မီးကူးစက်ခဲ့တယ်လို့ သိရပါတယ်။

လူမှုကူညီ‌ကယ်ဆယ်ရေးအသင်း တာဝန်ရှိသူက “စက်ရုံပင်မရုံတော့ မဟုတ်ဘူး၊ ဝင်းထဲက ဂိုဒေါင်လို ၂ ခုမှာ လောင်တာ။ ဂိုဒေါင်တဝက်စီ ပြိုကျမှုတွေ ရှိပါတယ်။ အထဲမှာ ဓာတု‌ကုန်ကြမ်းတွေကို အခုထိ မီးငြှိမ်းနေရတုန်းပဲ၊ မွေ့ယာထဲထည့်တဲ့ ရေမြှုပ်တွေလည်း တွေ့ရတယ်” လို့ ပြောပါတယ်။

မီးလောင်ရတဲ့ အကြောင်းအရင်းနဲ့ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို စစ်ဆေးတွက်ချက်နေဆဲလို့ သိရပါတယ်။

ရန်ကုန်မှာ မတ်လအတွင်း ၂၉ ရက်နေ့အထိ မီးလောင်မှု ၂၃ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ မြန်မာမီးသတ်ဌာန မှတ်တမ်းတွေအရ သိရပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024