အီရတ်စစ်သွေးကြွတွေ မြို့ကြီးတွေကို သိမ်းယူမှုကြောင့် အမေရိကန်ရေတပ် စစ်ရေးပြင်ဆင်

အီရတ်မှာ စစ်သွေးကြွတွေက မြို့ကြီးတွေကို တမြို့ပြီး တမြို့သိမ်းယူနေတဲ့အချိန်မှာ အမေရိကန် စစ်တပ်ဘက်က စစ်ဆင်ရေးတွေအတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် အမေရိကန် ရေတပ်သင်္ဘောကို ပင်လယ်ကွေ့ဒေသကို စေလွှတ်လိုက်ပါတယ်။ US Navyအခု ပင်လယ်ကွေ့ဆီကို ပို့လိုက်တဲ့ လေယာဉ်တင်သင်္ဘောဟာ ကမ္ဘာမှာ အကြီးမားဆုံး စစ်သင်္ဘောဖြစ်ပြီး နယူးကလီးယား ဓာတ်ပေါင်းဖို ၂ ခုနဲ့ လူဦးရေ ၆၀၀၀ အထိ တင်နိုင်တယ်လို့ အမေရိကန် ရေတပ်က ပြောပါတယ်။ အီရတ်အရေးမှာ စစ်ရေးနည်းလမ်းကို သုံးမလား၊ မသုံးဘူးလားဆိုတာကို အမေရိကန်က မဆုံးဖြတ်ရသေးပေမယ့် စစ်င်္ဘောတွေကို ပင်လယ်ကွေ့ဘက်ဆီ ရွှေ့ပြောင်းဖို့ အမေရိကန် ကာကွယ်ရေး ၀န်ကြီး ချော့ခ် ဟတ်ဂဲလ်က အမိန့်ပေးညွှန်ကြားလိုက်တာ ဖြစ်ပါတယ်။ အီရတ်မှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေ၊ အီရတ်မှာ အမေရိကန် အကျိုးစီးပွားရေးကို ကာကွယ်ဖို့အတွက် လိုအပ်သလို စစ်ဦးစီးချုပ်က ညွှန်ကြားမယ်လို့ ပင်တဂွန် စစ်ဌာနချုပ်ရဲ့ ကြေညာချက်က ဆိုပါတယ်။ ယူအက်အက် ဂျော့ ဒဗလျူဘုရှ် လေယာဉ်တင် စစ်သင်္ဘောနဲ့အတူ ပဲ့ထိန်း ဒုံးတပ် တိုက်သင်္ဘောတစီးနဲ့ ပဲ့ထိန်းဒုံးခွင်း ဖျက်သင်္ဘောတစီးလည်း လိုက်ပါသွားမယ်လို့ ပင်တဂွန်ကြေညာချက်က ဆိုပါတယ်။ ဇွန်လ ၁၃ ရက်နေ့တုန်းက အမေရိကန် သမ္မတ ဘာရတ်အိုဘားမားက အီရတ်အရေးကို အမေရိကန်က ဘယ်လို ကိုင်တွယ်မလဲဆိုတာကို ဆုံးဖြတ်ဖို့ ရက်တချို့ အချိန်ယူမယ်လို့ ပြောထားပါတယ်။ လောလောဆယ်မှာတော့ သမ္မတက ညွှန်ကြားတဲ့အခါ အဆင့်သင့်ဖြစ်ဖို့ လေကြောင်း တိုက်ခိုက်ရေးနည်းလမ်းတွေ အပါအ၀င် နည်းလမ်းမျိုးစုံကို ပင်တဂွန်က အသင့်အနေအထားမှာ ပြင်ဆင်ထားပါတယ်။ အီရတ် ပဋိပက္ခကြောင့် စစ်ပြေးဒုက္ခသည် ၁ သန်းနီးပါး ရှိပြီလို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up