Home
မြန်မာသတင်း
KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို ရုံးထုတ်စစ်ဆေး
lusane
·
March 28, 2023

စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုထားတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌဟောင်း သိက္ခာတော်ရဆရာ ဒေါက်တာ ခလမ်ဆမ်ဆွန်ကို မတ် ၂၈ ရက်နေ့က မြစ်ကြီးနားအကျဥ်းထောင်း အထူးတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

“ဒီတခေါက်ရုံးချိန်းမှာတော့ အမှု ၃ ခုစလုံးအတွက် စစ်ဆေးမေးမြန်းစရာရှိတာ အကုန်ပြီးသွားပြီ။ နောက်လာမယ့်ရုံးချိန်း ဧပြီ ၄ရက်နေ့မှာ လျှောက်လဲချက်ပေးရမှာ” လို့ ဒေါက်တာခလမ်ဆမ်ဆွန်ရဲ့ တရားလွတ်တော်ရှေ့နေ ဒေါင်နန်းက ပြောပါတယ်။

ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ လိုင်ဇာမြို့ကို သွားရောက်ပြီး KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လနဲ့ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်တို့ တက်ရောက်တဲ့ အစည်းအဝေးတခုကို တက်ရောက်ခဲ့တဲ့အတွက် မတရားအသင်းအက်ဥပ‌ဒ ၁၇ (၁) နဲ့ တရားစွဲခဲ့တာပါ။ 

၅၀၅ (က) အတွက်ကတော့ အာရှဇုန်နယ်လူ ငယ်တွေအတွက် ဟောပြောပွဲတခုမှာ “ခရစ်တော်၌ နိုင်ငံတော်ကို တည်ထောင်ကြပါစို့” ခေါင်းစဉ်နဲ့ ဟောပြောတဲ့အချိန် နိုင်ငံတော်အကြည်ညိုပျက်စေတဲ့ စကားလုံးတွေ ပါဝင်တယ်ဆိုပြီး စွဲချက်တင်ထားတာ ဖြစ်ပါတယ်။

နောက်တိုးအနေနဲ့ လိုင်ဇာမြို့မှာ NUG ယာယီသမ္မတ ဒူဝါလရှီးလ၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်နဲ့ ပညာရေးဒုဝန်ကြီး ဂျာထွယ်ပန်တို့ ၃ ယောက်ကို သွားတွေ့တယ်ဆိုတဲ့ အချက်နဲ့ ပုဒ်မ အကြမ်းဖက်ဥပဒေပုဒ်မ ၅၂(က)နဲ့ ထပ်မံ တရားစွဲဆိုခဲ့တာပါ။

ဒေါက်တာခလမ်ဆမ်ဆွမ်နဲ့ တွေ့ဆုံခွင့်ရရေးအတွက် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ကနေ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဆီ ပြီးခဲ့တဲ့ ဒီဇင်ဘ ၁၅ ရက်နေ့က စာတင်ခဲ့ပေမယ့် အကြောင်းပြန်လာခြင်း မရှိသေးဘူးလို့ သိရပါတယ်။

သူ့ကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ဗိုလ်မှူး သူအောင်ဇော်က တရားလိုပြုလုပ် တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်အား ဒီဇင်ဘာ ၅ရက်နေ့က ဘန်ကောက်မြို့ကို ဆေးကုဖို့ သွားရောက်စဉ် မန္တလေးလေဆိပ်မှာ ဖမ်းဆီးထိန်းသိမ်းခဲ့ကာ ပြန်လွတ်ပေးခဲ့ပြီးနောက် မြစ်ကြီးနားလေဆိပ်မှာ ညနေပိုင်း ပြန်လည်ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024