Home
မြန်မာသတင်း
ဂျပန်အာဏာရပါတီကို မြန်မာနိုင်ငံသားများ ဆန္ဒပြ
lusane
·
March 28, 2023

ဂျပန်-မြန်မာအသင်းဥက္ကဋ္ဌ ဝါတာနာဘေးမှတဆင့် စစ်ကောင်စီက ပေးအပ်တဲ့ဘွဲ့ကို လက်ခံခဲ့တဲ့ လက်ရှိ ဂျပန်အာဏာရပါတီလစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ရဲ့ ခေါင်းဆောင် ဝန်ကြီးချုပ် ဟောင်း မစ္စတာ Taro Aso အနေနဲ့ မြန်မာစစ်ကောင်စီအား  အားပေးပတ်သက်နေမှုကို တာဝန်ယူဖြေရှင်းပေးဖို့ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေက တိုကျိုမြို့ နခတချိုရှိ LDP  ပါတီရုံးကို ဒီနေ့ သွားရောက်ဆန္ဒပြခဲ့ကြပါတယ်။

အကြမ်းဖက်စစ်ကောင်စီကပေးတဲ့ဘွဲ့ကို ဂျပန်အာဏာရပါတီ ထိပ်တန်းခေါင်းဆောင် ဝန်ကြီး ချုပ်ဟောင်းက လက်ခံရယူခဲ့တာက မြန်မာပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်ခေါင်းဆောင်တွေကို အားပေးလက်ခံတဲ့ သဘောဖြစ်နေတာကြောင့် ‌အခုလို လာရောက်ဆန္ဒပြရတာလို့ မသီရိသစ္စာက ဒီဗွီဘီကို ပြောပါတယ်။

ဆန္ဒပြပွဲကို ဂျပန်ရောက် မြန်မာနိုင်ငံသားများသာမက မြန်မာ့နွေဦးတော်လှန်ရေးကို အားပေးနေတဲ့ ဂျပန်လူမျိုးတွေပါ လာရောက်ပူးပေါင်းခဲ့ကြပါတယ်။

မြန်မာ့နွေဦးတော်လှန်ရေးကို အမြဲအားပေးကူညီနေသူ ဂျပန်လူမျိုး ဥပဒေအကျိုးဆောင်မစ္စတာ Kumazawa က “ပါတီထိပ်တန်းခေါင်းဆောင်တဦးက အခုလို အကြမ်းဖက်စစ်ကောင်စီက ပေးတဲ့ဘွဲ့ကို လက်ခံတာက ဂျပန်လူမျိုးတဦးအနေနဲ့ ရှက်မိပါတယ်။ ဂျပန်ပြည်သူတွေက အာဏာသိမ်းစစ်ကောင်စီကို လက်မခံဘူး၊ နောက်ပြီး လက်ရှိမြန်မာပြည်သူတွေရဲ့ နွေဦးတော်လှန်ရေးကို ထောက်ခံအားပေးနေကြောင်း ပြသချင်လို့ ဒီနေ့ အခုလို ဂျပန်အာဏာရပါတီလစ်ဘရယ်ဒီမိုကရက်တစ်ပါတီကို ဂျပန်ရောက်မြန်မာနိုင်ငံသားတွေနဲ့အတူ လာရောက်ပူးပေါင်းဆန္ဒပြတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

LDP ပါတီရဲ့ ဥက္ကဋ္ဌဖြစ်သူ လက်ရှိဝန်ကြီးချုပ် မစ္စတာ Fumio Kishida အနေနဲ့  မြန်မာပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ဘွဲ့ကို လက်ခံခဲ့တဲ့အပေါ် ဖြေရှင်းပေးဖို့၊ မြန်မာပြည်သူတွေရဲ့ ဆန္ဒသဘောထားကို သေချာနားထောင်ပေးဖို့ ရေးသားထား တဲ့ တောင်းဆိုစာကိုလည်း တိုကျိုမြို့ နခတချို မှာရှိတဲ့ LDP ပါတီရုံး တာဝန်ခံမှတဆင့် ပေးအပ်ခဲ့ပါတယ်။

မစ္စတာဝါတာနာဘေးဟာ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း အနည်းဆုံး ၄ ကြိမ်မက စစ်ခေါင်းဆောင်နဲ့တွေ့ဆုံခဲ့ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့က စစ်ကောင်စီရဲ့ ဆုဘွဲ့တံဆိပ်ကို နေပြည်တော်အထိလာယူခဲ့ပြီး ဂျပန်နိုင်ငံဝန်ကြီးချုပ်ဟောင်း Taro Aso အတွက်ပါ လက်ခံယူဆောင်ခဲ့တာဖြစ်ပါတယ်။

ဇော်ဇော်လှိုင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024