Home
မြန်မာသတင်း
မြန်မာ့သမိုင်းတွင် သွေးထွက်သံယိုအများဆုံးဖြစ်မည့် ရွေးကောက်ပွဲကို နိုင်ငံတကာက ဝိုင်းဝန်းတားဆီးရန် ICG တိုက်တွန်း
DVB
·
March 28, 2023

စစ်ကောင်စီကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့သမိုင်းမှာ သွေးထွက်သံယိုမှု အများဆုံးရွေးကောက်ပွဲဖြစ်လာနိုင်ပြီး ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက  ဒီရွေးကောက်ပွဲကို လက်မခံ တရားမဝင်ကြောင်း လူသိရှင်ကြားကြေညာဖို့နဲ့ ရွေးကောက်ပွဲ မကျင်းပရေး တားမြစ်ဖို့ နိုင်ငံတကာပဋိပက္ခလေ့လာစောင့်ကြည့်အဖွဲ့ (ICG) က တိုက်တွန်းပါတယ်။

နိုင်ငံရေးပါတီတွေ ပြန်လည်မှတ်ပုံတင်ရမယ့် နောက်ဆုံး သတ်မှတ် ရက်ဖြစ်တဲ့ မတ်လ ၂၈ ရက်မှာ ဘယ်လ်ဂျီယံနိုင်ငံမှာ အခြေစိုက်ပြီး ကမ္ဘာတဝန်းရုံးခွဲတွေဖွင့်လှစ်ထားတဲ့ နိုင်ငံတကာပဋိပက္ခလေ့လာစောင့်ကြည့်အဖွဲ့ (ICG) က မြန်မာပြည်ရွေးကောက်ပွဲနဲ့ ပတ်သက်လို့  A Road to Nowhere: The Myanmar Regime’s Stage Managed Elections အမည်နဲ့ အစီရင်ခံစာထုတ်ပြန် တိုက်တွန်းလိုက်တာပါ။ 

ICG ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်းအကြံပေးရစ်ချတ်ဟိုဆေးက “မြန်မာစစ်အာဏာရှင်တွေက ရွေးကောက်ပွဲပြုလုပ်ဖို့ ပြင်ဆင်နေပြီး တကယ်လို့သာ သူတို့က မဖြစ်ဖြစ်အောင် ဖိအားပေးပြီး လုပ်ခဲ့မယ်ဆိုရင် နိုင်ငံရဲ့သမိုင်းမှာ သွေးထွက်သံယိုမှုအများဆုံး ရွေးကောက်ပွဲဖြစ်လာနိုင်တယ်။ မြန်မာနိုင်ငံသား အများစုကလည်း စစ်တပ် အာဏာသက်ဆိုး ရှည်စေရေးအတွက် သွားပြီးမဲပေးရမယ့်ကိစ္စကို ခါးခါးသီးသီး ဆန့်ကျင်နေကြပါတယ်။ ဆိုတော့ စစ်တပ်ကသာ ဖိအားပေးပြီး လုပ်သွားမယ်ဆိုရင် အကြမ်းဖက်တိုက်ခိုက်မှုတွေများပြားလာတာကို တွေ့ရဖို့ရှိတယ်”လို့ ပြောပါတယ်။ 

စစ်တပ်ကအာဏာသိမ်းလိုက်တာကြောင့် ပေါ်ပေါက်လာရတဲ့ တော်လှန်ရေးအင်အားစုတွေဟာ တိုက်ခိုက်နိုင်စွမ်းရှိလာပြီဖြစ်တာနဲ့အမျှ မြို့ပေါ်မှာရော နယ်ဘက်တွေမှာပါ လက်လုပ်ဖောက်ခွဲရေးပစ္စည်းတွေနဲ့ တိုက်ခိုက်နေပြီး အငြိမ်းစား အရာရှိတွေအပါအဝင် စစ်တပ်နဲ့ ရဲ အရာရှိတွေ၊ စစ်တပ်လက်အောက်ခံ အုပ်ချုပ်ရေးအရာရှိတွေ၊ ကြံ့ခိုင်ရေးပါတီဝင်တွေ၊ ဗုဒ္ဓဘာသာအမည်ခံ အမျိုးသားရေးအစွန်းရောက်တွေ၊ စစ်တပ်လက်အောက်ခံ လက်နက်ကိုင် ပျူစောထီးအဖွဲ့ဝင်တွေနဲ့ သတင်းပေးဒလန်တွေကိုလည်း လုပ်ကြံမှုတွေရှိလာနေပြီလို့ ICJ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တချို့တော်လှန်ရေးတပ်ဖွဲ့တွေက အလားတူလုပ်ကြံမှုတွေကို ရွေးကောက်ပွဲဆိုင်ရာ ပစ်မှတ်တွေပေါ်မှာပါဆောင်ရွက်သွားမယ့် အလားအလာရှိနေပြီး စစ်တပ်နဲ့ ရဲတွေအတွက်ကတော့ ရွေးကောက်ပွဲဆိုင်ရာ ပစ်မှတ်တွေအားလုံးကို ခက်ခက်ခဲခဲ ကာကွယ်ရတော့မှာဖြစ်ကြောင်း ကျောင်းတွေကို မဲပေးရုံတွေအဖြစ် အသုံးချကြတာဖြစ်လို့ ကျောင်းတွေဟာလည်း တိုက်ခိုက်ခံရမယ့် အလားအလာတွေရှိနေကြောင်းနဲ့  ရွေးကောက်ပွဲလုပ်ဖို့ အချက်အလက်တွေ လိုက်လံကောက်ခံနေတဲ့ အဖွဲ့တွေကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်မှုတွေ ရှိခဲ့ပြီးဖြစ်တယ်လို့ဆိုပါတယ်။

အတိုက်အခံ အင်အားစုတွေကို ဦးဆောင်ဦးရွက်ပြုနေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဟာလည်း တဖက်မှာ ရွေးကောက်ပွဲကို လက်မခံဆန့်ကျင်ကာ တဖက်မှာ အကြမ်းဖက်မှုတွေ ဆောင်ရွက်မှာကို ဆန့်ကျင်ကြောင်း သူတို့ရဲ့ မူဝါဒကို ရှင်းရှင်းလင်းလင်းချမှတ် ထုတ်ပြန်ထားရမှာ ဖြစ်တယ်လို့  ICG က အကြံပြုပါတယ်။ 

ICG ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်းအကြံပေး ရစ်ချတ်ဟိုဆေးက “တော်လှန်ရေးအင်အားစုတွေကလည်း အဲဒီရွေးကောက်ပွဲတွေကို တတ်နိုင်တဲ့နည်းနဲ့ တိုက်ခိုက်တားဆီးသွားဖို့ ရှိနေပါတယ်။ အဲဒါကြောင့် ဒီလိုအကြမ်းဖက်တိုက်ခိုက်မှုတွေကို တားဆီးနိုင်ရေးအတွက် အနောက်နိုင်ငံတွေနဲ့ ဒေသတွင်း သက်ဆိုင်သူတွေက မြန်မာစစ်တပ်ကို ဒီ ရွေးကောက်ပွဲဟာ တရားမဝင်ပါဘူး ဆိုတာရယ်၊ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်တွေကို ရပ်တန့်ဖို့ရယ်ကို ပူးပေါင်းထုတ်ပြန်တဲ့ သတင်းစကားတစ်ခု ရအောင်ပို့ပေးဖို့လိုတယ်၊ စင်ပြိုင်အစိုးရဖြစ်တဲ့ NUG ကလည်း ရွေးကောက်ပွဲဆိုင်ရာ ပစ်မှတ်တွေကို တော်လှန်ရေးအင်အားစုတွေက အကြမ်းဖက်တိုက်ခိုက်မှာကို ပြတ်ပြတ်သားသား ဆန့်ကျင်တားဆီးရမှာ ဖြစ်တယ်”လို့ ပြောပါတယ်။

မြန်မာနိုင်ငံသား အများစုကတော့ ဒီစစ်တပ်ရဲ့ လက်အောက်မှာ ပြုလုပ်သွားမယ့် ဘယ်ရွေးကောက်ပွဲမဆို ယုံကြည်လက်ခံနိုင်စရာမရှိဘူးလို့ သတ်မှတ်ထားကြလို့ သူတို့စီစဉ်နေတဲ့ ရွေးကောက်ပွဲဟာ မျှော်လင့်ထားသလို ချောချောမွေ့မွေ့ အဆုံးသတ်နိုင်မှာ မဟုတ်ဘဲ ဒီရွေးကောက်ပွဲကြောင့် နိုင်ငံရေးပဋိပက္ခတွေလည်း ပြေလည်သွားမှာ မဟုတ်ပါဘူးလို့ ICG အဖွဲ့က ကသုံးသပ်ပါတယ်။

ရွေးကောက်ပွဲကြောင့် ဖြစ်လာမယ့် ပဋိပက္ခတွေဟာ ပေါ့သေးသေးမဟုတ်တာကို သိထားတဲ့ စစ်ကောင်စီကလည်း အဲဒါကို အကြောင်းပြချက်ပေးပြီး တော်လှန်ရေးအင်အားစုတွေအပေါ် နှိမ်နင်းမှုတွေ အရှိန်မြှင့်လုပ်ဆောင်လာခဲ့တယ်လို့ဆို ပါတယ်။

စစ်တပ်ရဲ့ အာဏာတည်မြဲရေးနဲ့ စစ်တပ်အသိုင်းအဝိုင်းရဲ့ တကိုယ်ရည်ကောင်းစားရေးအတွက် ဇာတ်တိုက်လုပ်ဆောင်သွားမယ့် ရွေးကောက်ပွဲမှာ မြန်မာနိုင်ငံသားအများစုကလည်း ပါဝင် မဲပေးဖို့ ဆန္ဒမရှိကြပေမဲ့ စစ်တပ်ကတော့ ရွေးကောက်ပွဲမတိုင်ခင် ရွေးကောက်ပွဲဝင်ပြိုင်မယ့်ပါတီတွေ၊ အမတ်လောင်းတွေ၊ မဲပေးမယ့်သူတွေကို ဖိအားပေးပြင်ဆင်ခိုင်းတာတွေရှိလာနိုင်သလို မဲမပေးသူတွေကို ပြစ်ဒဏ်ပေးတာတွေလည်း ရှိလာနိုင်ပြး သူတို့အတွက်မလုံခြုံတဲ့နေရာတွေက မဲရုံတွေမှာလည်း တပ်ကို အစောင့်ချပြီး မဲပေးခိုင်းတာတွေ ရှိလာနိုင်တယ်လို့ ခန့်မှန်းပါတယ်။ 

မြန်မာစစ်တပ်ကတော့ ရွေးကောက်ပွဲကို တတ်နိုင်သမျှ အမြန်ဆုံးလုပ်သွားမယ်လို့ ပြောရင်း တစ်ဆင့်ချင်းတိုးပြီး လုပ်ဆောင်နေကာ  ပြီးခဲ့တဲ့ ဇန်နဝါရီလထဲမှာလည်း အလွန်တင်းကျပ်တဲ့ နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကို ထုတ်ပြန်ခဲ့သလို တစ်ချိန်တည်းမှာ မဲပေးမယ့်သူ အရေအတွက်ကိုလည်း ပြန်လည်စစ်ဆေးခဲ့ပါတယ်။ 

အနောက်နိုင်ငံတွေနဲ့ မြန်မာစစ်တပ်ကို စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုနဲ့ ခြိမ်းခြောက်တာအပြင် သူတို့နဲ့ ဆက်သွယ်လို့ရသမျှ နည်းလမ်းတွေကိုသုံးပြီး ရွေးကောက်ပွဲကို မဖြစ်မနေ တားဆီးကြဖို့၊ နိုင်ငံရပ်ခြားအစိုးရတွေက ဒီရွေးကောက်ပွဲဟာ တရားမဝင်ဘူးဆိုတာအပြင် ဒီရွေးကောက်ပွဲကြောင့် ဒေသတွင်း မတည်ငြိမ်မှုတွေ ပိုမိုပြင်းထန်လာနိုင်တာကိုပါ သတင်းစကားပါးဖို့၊ ရွေးကောက်ပွဲဆိုင်ရာ အကြမ်းဖက်မှုတွေကို လျှော့ချကာကွယ်ဖို့အတွက် စစ်တပ်စီစဉ်တဲ့ ရွေးကောက်ပွဲမှာ ပါဝင်ခြင်း၊ ကူညီခြင်းတွေ မလုပ်ဖို့ ICG ကတိုက်တွန်းပါတယ်။

“အဲဒါမှသာ ဒီရွေးကောက်ပွဲဟာ နိုင်ငံတကာကပါဝင်တဲ့ တရားဝင်ရွေးကောက်ပွဲဖြစ်တယ်လို့ ထောက်ပြစရာမရှိမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီရွေးကောက်ပွဲနဲ့ ဆက်စပ်မှုရှိလာနိုင်တဲ့ နိုင်ငံခြားအစိုးရတွေဟာ လက်ရှိအခြေအနေတွေအရ ဒီရွေးကောက်ပွဲကို လွတ်လပ်မျှတပြီး လက်ခံနိုင်စရာရှိတဲ့ ရွေးကောက်ပွဲအဖြစ် မသတ်မှတ်ကြောင်း လူသိရှင်ကြား ထုတ်ပြန်ကြေညာထားဖို့  လိုပါတယ်”လို့ ICG အစီရင်ခံစာမှာဖော်ပြပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့လည်း မြန်မာနိုင်ငံသား အများစုက အလိုမရှိတဲ့၊ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်လာစေနိုင်တဲ့၊ ယုံကြည်လက်ခံနိုင်စရာမရှိတဲ့ ရွေးကောက်ပွဲကို မပြုလုပ်ရန် သတိပေးတားမြစ်ဖို့ ICG က တိုက်တွန်းထားပါတယ်။ 

နိုင်ငံခြားအစိုးရတွေအနေနဲ့ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကို အတတ်နိုင်ဆုံး တားမြစ်တဲ့အနေနဲ့ ပစ်မှတ်ထား ပိတ်ဆို့ဒဏ်ခတ်မှုတွေကိုလည်း ဆက်လက်ဆောင်ရွက်သွားကြဖို့ တိုက်တွန်းထားပါတယ်။ 

အနောက်နိုင်ငံအစိုးရတွေဟာ အင်ဒိုနီးရှားက ဥက္ကဋ္ဌ ဖြစ်နေတဲ့ အာဆီယံနဲ့ ပူးပေါင်းပြီး ဒီရွေးကောက်ပွဲကြောင့် ဖြစ်လာနိုင်တဲ့ အကြမ်းဖက်မှုတွေနဲ့ ရွေးကောက်ပွဲရဲ့ လက်ခံယုံကြည်စရာမရှိတဲ့ အခြေအနေတွေကို ပိုမိုထင်ရှားလာအောင် ဆောင်ရွက်ရမှာဖြစ်ပြီး ဒီလိုမှ မဟုတ်ရင် ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနဲ့ ဗီယက်နမ်တို့က စစ်တပ်နဲ့ ပုံမှန်ဆက်ဆံရေးရှိနေဖို့အတွက် ဒီရွေးကောက်ပွဲကို တရားဝင်အဖြစ်လက်ခံသွားနိုင်ခြေ ရှိနေတတယ်လို့ ထောက်ပြထားပါတယ်။ 

မိမိနိုင်ငံရဲ့ အကျိုးကိုသာ ရှေ့ရှုထားတဲ့ အိန္ဒိယနဲ့ ဂျပန်တို့ကလည်း စစ်တပ်ကို ဖိအားပေးမယ့် အနောက်နိုင်ငံတွေရဲ့ လုပ်ငန်းစဉ်တွေမှာ ပူးပေါင်းပါဝင်မှာ မဟုတ်ပေမဲ့ လုံခြုံရေး အန္တရာယ်ရှိနေတာကြောင့် ဒီရွေးကောက်နဲ့ ပတ်သက်ပြီး သေသေချာချာ စဉ်းစားပြီး ရပ်တည်ချက်မှန်ကန်ဖို့ လိုတယ်လို့ ICG ကဆိုပါတယ်။ 

အခုချိန်မှာ ဂျပန်ဟာ G7 အဖွဲ့ရဲ့ ဥက္ကဋ္ဌ ဖြစ်နေပြီး၊ အိန္ဒိယဟာ G20 အဖွဲ့ရဲ့ ဥက္ကဋ္ဌ ဖြစ်နေတာကြောင့် အဲဒီနှစ်နိုင်ငံရဲ့အရေးပါမှု မြင့်မားနေချိန်မှာ မြန်မာစစ်တပ်နဲ့ ပုံမှန်လိုဆက်ဆံနေကြတာဟာ ဒေသတွင်းက အရေးကြီးတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေအပြင်၊ အနောက်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကိုပါ ထိခိုက်ပျက်စီး စေနိုင်တယ်၊ ဂျပန်နိုင်ငံဟာ ကုသမဂ္ဂလုံခြုံရေးကောင်စီမှာလည်း အဖွဲ့ဝင်ဖြစ်တာကြောင့် ဒေသတွင်းမှာ သူ့ရဲ့အရေးပါမှုက မြင့်မားနေတယ်၊ အနောက်နိုင်ငံတွေအနေနဲ့ ဂျပန်နဲ့ အိန္ဒိယကို ညှိနှိုင်းစည်းရုံးပြီး ရွေးကောက်ပွဲကြောင့် ဖြစ်လာနိုင်တဲ့ အကြမ်းဖက်မှုတွေကို သူတို့ကတဆင့် မြန်မာစစ်တပ် လက်ခံလာအောင် ဆောင်ရွက်သင့်တယ်လို့ ICG က အကြံပြုပါတယ်။ 

ပဋိပက္ခတွေကြောင့် ဘေးဒုက္ခခံစားနေရတဲ့ မြန်မာနိုင်ငံသားတွေအတွက် ထောက်ပံ့ကူညီနေကြတဲ့ အလှူရှင်နိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေအနေနဲ့လည်း ဒေသခံအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ထောက်ပံ့ကူညီမှုတွေ  အလွယ်တကူပေးပို့နိုင်အောင် ဆောင်ရွက်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

ရွေးကောက်ပွဲသစ် ကျင်းပဖို့နဲ့ပတ်သက်လို့လည်း   တည်ငြိမ်အေးချမ်းဖို့လိုတဲ့အကြောင်းနဲ့ ရွေးကောက်ပွဲကို ပြီးစလွယ်မလုပ်ဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မနေ့က နေပြည်တော် စစ်ရေးပြအခမ်းအနား မိန့်ခွန်းမှာ ပြောပါတယ်။

စစ်ကောင်စီပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က  နိုင်ငံရေးပါတီတွေ ဒီကနေ့ နောက်ဆုံးထားပြီး မှတ်ပုံတင်ကြဖို့နဲ့ မှတ်ပုံမတင်ရင် အလိုလျောက် ပါတီဖျက်သိမ်းခံရမယ်လို့ ကြေညာထားရာမှာ  မတ် ၂၇ ရက်နေ့အထိ တနိုင်ငံလုံး စည်းရုံးမယ့် နိုင်ငံရေးပါတီ ၁၂ ပါတီ၊ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်အဆင့်မှာပဲ စည်းရုံမယ့် ပါတီ ၄၀ ပါတီ၊ စုစုပေါင်း နိုင်ငံရေးပါတီ ၅၂ ပါတီ မှတ်ပုံတင်ခွင့် လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ  အနိုင်ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနဲ့ အင်အားအကြီးဆုံး တိုင်းရင်းသားပါတီဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီတို့ကတော့ စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲကိုရော၊ ရွေးကောက်ပွဲကော်မရှင်ကိုပါ အသိအမှတ်မပြုသလို ပါတီကို ပြန်ပြီး မှတ်ပုံတင်ခြင်းလည်း မရှိပါဘူး။ 

Photo-ICG

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024