Friday, June 9, 2023
HomeLead Storyတော်လှန်ရေးနေ့ စစ်ရေးပြကွင်းကို ရှော့တိုက်ဒုံးဖြင့်ပစ်ခတ်ရန် စီစဉ်သူ ၂ ဦးကို ဖမ်းမိဟု စစ်ကောင်စီထုတ်ပြန်

တော်လှန်ရေးနေ့ စစ်ရေးပြကွင်းကို ရှော့တိုက်ဒုံးဖြင့်ပစ်ခတ်ရန် စီစဉ်သူ ၂ ဦးကို ဖမ်းမိဟု စစ်ကောင်စီထုတ်ပြန်

နေပြည်တော်မှာကျင်းပမယ့် ဖက်ဆစ်တော်လှန်ရေးနေ့ (တပ်မတော်နေ့) စစ်ရေးပြကွင်းကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ဖို့ စီစဉ်နေသူ ၂ ယောက်ကို  ဖမ်းဆီးရမိခဲ့တယ်လို့ ဒီကနေ့ထုတ် စစ်ကောင်စီအာဘော် သတင်းစာတွေမှာ ဖော်ပြပါတယ်။

မတ်လ ၂၄ ရက်က ပျဉ်းမနားမြို့နယ် ဇီးဖြူပင်ကျေးရွာ၊ အဝေရာဆည်အနီးရှိ သရက်ခြံမှာ စိန်လွင်(ခ)မောင်စိန်(ခ)ခေရကို  ၁၀၇ မမ ရှော့တိုက်ဒုံးတစ်လုံးနဲ့ ဖမ်းဆီးရမိခဲ့ပြီး သူ့ရဲ့ ထွက်ဆိုချက်အရ ၀င်းမျိုးထက်(ခ)၀င်းနိုး(ခ)ဘီလား ကို လည်း ရှော့တိုက်ဒုံးတစ်လုံးနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။

ဒါအပြင် ပျဉ်းမနားမြို့နယ် ညောင်ပင်ကြီးရွာနဲ့ ချောင်းကမ်းကြီးရွာတွေမှာလည်း ထပ်မံဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီပိုင် မီဒီယာတွေက ထုတ်ပြန်ခဲ့ပါတယ်။

အခုလို ဖမ်းဆီးခံရမှုနဲ့ပတ်သက်လို့ နေပြည်တော် PDF အဖွဲ့မှ ဗိုလ်တေဇက သူ့ရဲ့ ကျန်ရှိနေတဲ့သူတွေ လွတ်မြောက်နယ်မြေရောက်ပြီး ဒီတပွဲ မအောင်ပေမဲ့ နောက်တပွဲဆက်ကြိုးစားသွားပါမယ်လို့ လူမှုကွန်ယက်စာမျက်နှာကနေ ရေးသားထားသလို တပ်မတော်စစ်ရေးပြကွင်းကို လက်နက်ကြီးနဲ့ပစ်ဖို့ စီစဉ်တာနဲ့ပတ်သက်ပြီးလည်း အကောင်အထည်ပေါ်ဖို့ လက်တလုံးအလိုမှာ ကျဆုံးခဲ့ရတယ်လို့ ရေးသားထားပါတယ်။

စစ်ကောင်စီဟာ မဲစာရင်းကို အကြောင်းပြပြီး မတရားအာဏာသိမ်းယူခဲ့တဲ့အတွက် ငြိမ်းချမ်းစွာ ကန့်ကွက် ဆန္ဒပြတဲ့ပြည်သူတွေကို အကြမ်းဖက် သတ်ဖြတ်၊ ဖမ်းဆီးမှုခဲ့တဲ့အတွက် ပြည်သူတွေအနေနဲ့ ခုခံတွန်းလှန် စစ်ပွဲ ဆင်နွှဲနေတာဖြစ်ပါတယ်။

စစ်အာဏာသိမ်းကာလ နှစ်နှစ်ကျော်အကြာမှာ အပြစ်မဲ့ပြည်သူ ၃၁၆၀ ဦးကျဆုံးခဲ့ရသလို ၂၀၈၄၆ ဦးဖမ်းဆီးခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ထုတ်ပြန်ထားပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular