Friday, June 9, 2023
HomeLead Story၂ နှစ်ကျော်အတွင်း အကြမ်းဖက် စစ်အုပ်စုက ပြည်သူ ၃၁၆၆ ဦးကို သတ်ဖြတ်၊ ၂၀၈၀၀ ကျော်ကို ဖမ်းဆီး

၂ နှစ်ကျော်အတွင်း အကြမ်းဖက် စစ်အုပ်စုက ပြည်သူ ၃၁၆၆ ဦးကို သတ်ဖြတ်၊ ၂၀၈၀၀ ကျော်ကို ဖမ်းဆီး

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၃,၁၆၆ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၀,၈၇၇ ယောက် ထိရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ မတ် ၂၇ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါ တယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၇,၀၀၉ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၅,၂၂၈ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၀၈ ယောက် ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်းအယောက် ၁၅၀ ရှိလာခဲ့ပြီဖြစ်ပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၃,၈၄၄ ယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၄ ရက်က တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာအုပ်စုကို အကြမ်းဖက်စစ်အုပ်စုတပ်က စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းလာပြီးနောက် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ကြား အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် မတ် ၂၅ ရက်မှာတော့ အကြမ်းဖက်စစ်အုပ်စုက ပုလောမြို့နယ်အတွင်းက ပုလောကုန်းကျေးရွာသား ဦးတင်ဦးကို ဖမ်းဆီးသတ်ဖြတ် ခဲ့တဲ့အပြင် ပုလောမြို့နယ်၊ နတ်အိမ်တောင်ကျေးရွာသား ကိုမျိုးမင်းသူဟာလည်း စစ်ဘေးရှောင်နေချိန် အကြမ်းဖက်စစ်အုပ်စုတပ်နဲ့ ထိပ်တိုက်တွေ့ကာ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတယ်လို့ အေအေပီပီက ပြောပါ တယ်။

ဒါ့အပြင် မတ် ၂၃ ရက်ညနေ ၄ နာရီကျော်လောက်ကလည်း စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ်ထဲက ညောင်ဇင်ကြီးကျေးရွာကို အင်အား ၁၅၀ လောက် ပါဝင်တဲ့ အကြမ်းဖက်စစ်အုပ်စုတပ်က ဝင်ရောက်စီးနင်းခဲ့ပြီးနောက် စိတ်ကျန်းမာရေးမကောင်းသူ ကိုထွန်းမင်းဦးကို မီးရှို့သတ်ဖြတ်ခဲ့ပြီး နေအိမ် ၃၂ လုံး၊ ဆိုင်ကယ် ၁၇ စီးအပြင် လယ်ယာသုံးစက်ပစ္စည်းတွေနဲ့ စပါးတွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular