
မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အိုးဘိုရပ်ကွက်၊ ၇၆လမ်း နဲ့ ၁ လမ်းမှာ မတ် ၂၇ ရက် နေ့လယ် ၁၂ နာရီကျော်က မီးလောင်မှုဖြစ်ပွားခဲ့လို့ လူနေအိမ် ၅ လုံး မီးလောင်ပျက်စီးခဲ့ပြီး လူ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မန္တလေးတိုင်းမီးသတ်ဦးစီးဌာနက ပြောပါတယ်။
အဲဒီလမ်းက နေအိမ် တအိမ်က ဝါယာရှော့ခ်ဖြစ်ရာက နေလယ် ၁၂ နာရီလောက်မှာ မီးစလောင်ခဲ့တာဖြစ်ပြီး နာရီဝက်ခန့်အကြာမှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီနေအိမ်ကလောင်တဲ့ မီးဟာ ဘေးချင်းကပ် နေအိမ် ၄ လုံးကိုပါ ကူးစက်လောင် ကျွမ်းခဲ့တာ ဖြစ်ပြီး ပရဟိတ အသင်းဝင် တယောက်နဲ့ ရပ်ကွက်သား တယောက် ပျက်ရှ ဒဏ်ရာရခဲ့တယ်လို့ မြို့ခံပရဟိအဖွဲ့က ပြောပါတယ်။
မီးလောင်မှုကြောင့် ၂ ထပ်အိမ် ၂ လုံး၊ ၁ ထပ်အိမ် ၃ လုံး ပျက်စီးခဲ့ပြီး မီးလောင်ဆုံးရှုံးမှု တန်ဖိုးကို တွက်ချက်နေဆဲလို့ တိုင်းမီးသတ်ဦးစီးဌာနက ပြောပါတယ်။
အလားတူ ဒီနေ့ မနက်ပိုင်းမှာပဲ ချမ်းမြသာစည်မြို့နယ်မှာ မီးလန့်မှု တခုဖြစ်ပွားခဲ့ပြီး မတ် ၂၆ ရက်ကလည်း အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးကျက်သရေရပ်ကွက်မှာ ဖုန်းအား သွင်းရာကနေ အပူလွန်ပြီး မီးလောင်မှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။
မန္တလေးတိုင်းမှာ မတ် ၂၇ ရက်အထိ မီးလောင်မှု ၁၁ ကြိမ်ရှိတဲ့အနက် ဝါယာရှော့လောင်ကျွမ်းမှု ၄ ကြိမ် ရှိသွားပြီလို့ သိရပါတယ်။