
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဂူကြီးကုန်းကျေးရွာက ဒေသခံရွာသား သုံးယောက်ကို စစ်ကောင်စီတပ်က မတ် ၂၅ ရက်က ဖမ်းဆီးပြီး တယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့က ညနေ ၅နာရီခွဲလောက်က ဆားတောင်ရွာကနေ ဂူကြီးကုန်းရွာကို စစ်တပ်က ဝင်ပြီး အရပ်သား သုံးယောက်ကို ဖမ်းဆီးကာ တယောက်ကို ရွာအနောက်ဘက် ကောက်ရိုးပုံပေါ်တင်ပြီး သတ်ဖြတ်ခဲ့တယ်လို့ မြင်ခြံတပ်ရင်း- ၇ Zero ပြောက်ကျားတပ်ဖွဲ့ ကိုသက်ကြီးကပြောပါတယ်။
“အဲဒီလို သိတာနဲ့ ဂူကြီးကုန်းရွာနဲ့မြောက်ဘက်မှာရှိတဲ့ သိမ်ချောင်းဘက်ကနေ ကြိုတင်ကင်းယူပြီး စနိုက်ပါနဲ့ ကြိုစောင့်နေတယ်။ သူတို့ ဂူကြီးကုန်းရွာကနေ သိမ်းချောင်ဘက်ကို ကားလမ်းမပါ်ကနေ ဖြတ်တက်လာတာကိုမြင်တာနဲ့ အရင်ပစ်ခတ်နိုင်ခဲ့တယ်။ အဲဒီမှာ တယောက်ကို ပစ်နိုင်ခဲ့တယ်။ ပြီးတော့ သိမ်ချောင်းတံတားနားမှာ တိုက်ပွဲ ထပ်ဖြစ်တယ်။”
အဲဒီတိုက်ပွဲမှာ ဆားတောင်မိုးကြိုးအဖွဲ့နဲ့ Zeroပြောက်ကျား တပ်ဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် လေးယောက် သေဆုံးတယ်လို့ ပြောပေမဲ့ သီးခြား အတည်ပြုနိုင်ခြင်းတော့မရှိပါဘူး။
စစ်ကောင်စီက စစ်ကိုင်းတိုင်းမှာ စစ်ရေးအရ ထိန်းချုပ်နိုင်ဖို့ မြို့နယ် ၁၄ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာထားပေမဲ့ လက်ရှိအချိန်အထိ ထိန်းချုပ်နိုင်ခြင်း မရှိဘဲ မြိုနယ်တိုင်းမှာ နေစဉ်တိုက်ပွဲဖြစ်နေပြီး ဒေသခံတွေလည်း စစ်ဘေးရှောင်နေကြရပါတယ်။