
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်က အမျိုးသမီးတစ်ဦးအပါအဝင် ပျောက်ဆုံးနေသူ ၃ ဦးရဲ့ မီးလောင်ကျွမ်းထားတဲ့ ရုပ်အလောင်းတွေကို မြန်မာ-အိန္ဒိယနယ်စပ်အနီး မြန်မာနိုင်ဘက်ခြမ်းက တောထဲမှာတွေ့ရှိခဲ့ကြောင်း အကြီးတန်း ရဲအရာရှိတစ်ဦးက ပြောတယ်။
အဲဒီ ၃ ဦးဟာ မတ်လ ၁၉ ရက်နေ့မှာ သူတို့နေအိမ်ကနေ မြန်မာနိုင်ငံဘက်ကို ထွက်သွားပြီးတည်းက ပျောက်ဆုံးသွားခဲ့တာလို့ အိန္ဒိယသတင်းတပုဒ်မှာ ဖော်ပြပါတယ်။
အစပိုင်းမှာ သူတို့ကို မြန်မာနိုင်ငံဘက်က သူပုန်တွေအဖွဲ့ဝင်ဟောင်းတွေလို့ ယူဆရသူတွေက ဖမ်းဆီးထားတာကို သိရှိရကြောင်းနဲ့ သူပုန်အဖွဲ့ဝင်ဟောင်းတွေက လက်နက်ဝယ်ယူဖို့ ပေးထားတဲ့ငွေ အပြည့်အဝပြန်မရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး သတ်ပစ်လိုက်တယ်လို့ ယုံကြည်ရကြောင်း ရဲက ပြောပါတယ်။
မီးကျွမ်းထားတဲ့ အလောင်းတွေကို မြန်မာ-အိန္ဒိယနယ်စပ် ၂ ကီလိုမီတာခန့်အကွာမှာရှိတဲ့ မြန်မာနိုင်ငံဘက်ခြမ်း တောထဲမှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
မီဇိုရမ်ပြည်နယ်ဟာ ၅၁၀ ကီလိုမီတာ အရှည်ရှိတဲ့ နယ်စပ်မျဉ်းကို မြန်မာနိုင်ငံနဲ့ တစ်ဘက်စီမျှဝေပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။
ဒီအမှုကို ကျူးလွန်သူတွေဟာ မြန်မာဘက်ကဖြစ်မယ်လို့ယူဆထားပြီး ပြည်နယ်ရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သူတွေကို လိုက်လံရှာဖွေနေတယ်လို့ ရဲကပြောကြောင်း အိန္ဒိယအခြေစိုက် News18 သတင်းမှာ ဖော်ပြထားပါတယ်။