Home
ဆောင်းပါး
စစ်ခွေးသင်္ချိုင်း စစ်ကိုင်းတိုင်းမှသည် - စစ်ခွေးမြေပုံ ရှမ်းဖယ်ခုံ - ကရင်ကယားနယ်အစုံ
DVB
·
March 26, 2023

ပြည်သူလူထုအများစုကြီးရဲ့ ကျောခိုင်းစွန့်ခွာမှုခံရပြီး လွင်တီးခေါင်မှာ လောင်ကျွမ်းနေတဲ့ အမှိုက်ပုံမီးလို ဖြစ်သွားတဲ့ စစ်ဓားပြတပ်ဟာ အနယ်နယ်အရပ်ရပ်က တော်လှန်ရေး အင်အားစုတွေရဲ့ လက်နက်စွဲကိုင် ခုခံတိုက်ခံမှုကို ရင်ဆိုင်ရင်း လူမိုက် လူ့အန္ဓ အသုံးချခံ စစ်သား ရဲသားတွေ မကြုံစဘူး အလွန်အမင်း ကျဆုံးလာတာ ၂ နှစ်ကျော်လာတဲ့အပြင် တပ်သားသစ်လည်း မရနိုင်တော့တာမို့ လက်ရှိ တပ်သားဟောင်း အမှိုက်လောင်စာတွေကုန်ရင် လောင်စရာမရှိတော့ဘဲ ပြာပုံပဲကျန်တော့မှာ ဖြစ်ပါတယ်။

ပြည်သူလူထုရဲ့ ဆန္ဒမဲကို အသိအမှတ်မပြုဘဲ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မ သိမ်းယူခဲ့တဲ့ စစ်ဓားပြတွေကို အာဏာပြန်အပ်ဖို့ နိုင်ငံနှင့်အဝန်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြပေမဲ့ မရတဲ့အဆုံးမှာ လက်နက်စွဲကိုင် တော်လှန်ခဲ့ကြရတဲ့ မြန်မာ့နွေဦးတော်လှန်ရေးသမိုင်းမှာ ပြည်သူ့တွေရဲ့ ပထမဆုံး လက်နက်ကိုင်တော်လှန်ခဲ့တဲ့ သမိုင်းမှတ်တမ်းကို ကမ္ပည်းထိုးခဲ့တာ စစ်ကိုင်းတိုင်း ဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးသမိုင်းမှာ မတရားမှုကို ခေါင်းငုံ့မခံဘဲ အမှန်တရားကို စောင့်ရှောက်ဖို့ အာဏာလု အကြမ်းဖက်စစ်အာဏာရှင်တွေရဲ့ ခေတ်မီ မောင်းပြန်‌သေနတ်တွေကို တူမီး၊ ဒူးလေး စတဲ့ ရရာလက်နက်နဲ့ တန်ပြန်ခုခံဖို့ စစ်ကိုင်းတိုင်းက သဲအိတ်တွေနဲ့ ကာရံထားတဲ့ ကလေးမြို့က တာဟန်းခံတပ်ဟာ ပထမဆုံး ရင်ဆိုင်တိုက်ပွဲဝင်ရာ သမိုင်းဝင်နေရာအဖြစ် တော်လှန်ကမ္ပည်းထိုးခဲ့တယ်။

လက်နက်အင်အားမမျှတာမို့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်‌နေ့မှာ တာဟန်းခံတပ် ကျဆုံးခဲ့ရပေမဲ့ အဲဒီနေ့မှာပဲ ကလေးမြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (Kalay PDF) ဟာ ဖွဲ့စည်းပေါ်ထွန်းလာခဲ့ပါတယ်။ အစပိုင်းမှာ ပြည်သူဘက်က အကျအဆုံး များခဲ့ရပေမဲ့ လက်နက်အားကိုး ဗိုလ်ကျတဲ့ အစဉ်အလာဆိုးကို ဖျက်သိမ်းဖို့၊ ဒီမိုကရေစီကို ချစ်မြတ်နိုးတဲ့ စိတ်ဓာတ်ရင့်သန်လာတဲ့ မြန်မာနိုင်ငံရဲ့ အနောက်မြောက်လွင်ပြင်ဒေသ စစ်ကိုင်းတိုင်းသာမက၊ မကွေးတိုင်း၊ မန္တလေးတိုင်းတွေမှာ PDF ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ အလျှိုလျှို ပေါ်လာခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်းဟာ အာဏာလု အကြမ်းဖက်စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တည်ရှိတဲ့အပြင် အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ်၊ အမှတ် ၁၀ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စတဲ့ တပ်ရင်းတပ်ဖွဲ့များစွာ အခြေစိုက်တဲ့နယ်မြေဖြစ်ပေမဲ့ စစ်ကိုင်းအထက်ပိုင်း၊ ရွှေဘိုလွင်ပြင်၊ ဧရာဝတီ-ချင်းတွင်း မြစ်ဆုံဒေသနှင့် ဂန့်ဂေါ-ကလေးခရိုင် ထိစပ်ဒေသစတဲ့ စစ်နယ်မြေ ၄ ခုမှာ လက်ဗလာနဲ့ အသည်းကောင်းတဲ့ အညာသားတွေရဲ့ ရွပ်ရွပ်ချွံချွံ ခုခံမှုက အားကောင်းသထက် ကောင်းလာခဲ့ပြီး စစ်အာဏာရှင် ခါးပိုက်ဆောင်စစ်တပ်ကို အသည်းခိုက်အောင် အထိနာစေခဲ့ပါတယ်။

ဒါကြောင့်မို့လို့လည်း သမ္မတရူး စစ်ဓားပြခေါင်းဆောင် မင်း‌အောင်လှိုင်က ယုံကြည်အားကိုးလို့ ပြည်ထဲရေးဒုတိယဝန်ကြီးတာဝန်၊ ရဲချုပ်တာဝန်၊ အမှတ် ၆ စစ်ဆင်ရေးအဖွဲ့မှူး (ကစထ-၆) ရာထူး စတဲ့ နဖားကြိုးထိုး ခန့်အပ်စေလွှတ်ခံရတဲ့ ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်ဟာ စစ်ကိုင်းတိုင်းစစ်မြေပြင်မှာ အစွယ်ကျိုးကျခဲ့ရတာမို့ စစ်ခွေးသင်္ချိုင်း စစ်ကိုင်းတိုင်းလို့ ပြောစမှတ် ဖြစ်ခဲ့ရပါတယ်။

အညာဒေသ စစ်နယ်တဝန်းမှာ အာဏာလုစစ်ကောင်စီဟာ တပ်ရင်း ၃၅ ရင်းအထိ ချထားပြီး တိုက်ခိုက်ရေးရဟတ်ယာဉ်၊ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူတွေ သုံးပြီး စစ်ဆင်ရေး ဝင်ခဲ့ပေမဲ့ အရှုံးနဲ့သာ ရင်ဆိုင် အထိနာခဲ့ရပါတယ်။ စစ်အင်အား အကျအဆုံး များလွန်းတာကြောင့် စစ်ဆင်ရေးကွပ်ကဲမှု ညံ့ဖျင်းတယ်ဆိုပြီး အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်ကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းလိုက်တဲ့ သတင်းတွေ ထွက်ခဲ့ပါသေးတယ်။

နိုင်ငံတဝန်းလုံးက ပြည်နယ် တိုင်းများစွာမှာ ပြည်သူ့ခုခံစစ် လက်နက်ကိုင်တော်လှန်ရေး စတင်ချိန်မှာ ကချင်၊ ချင်း၊ ကရင်နီ၊ ကရင်ပြည်နယ်တို့မှာ ပြည်သူလူထုဟာ ရှိနှင့်ပြီးသား တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး ရဲရင့်ပြောင်မြောက်စွာ စစ်ဘီလူးတပ်ကို ရင်ဆိုင်တော်လှန်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ ပအိုဝ်းအမျိုးသားနေ့ အကြိုကာလမှာ ဖေဖော်ဝါရီလကစပြီး ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နမ့်နိန်းကျေးရွာမှာ KNDF ပူးပေါင်းတပ်နဲ့ စစ်ကောင်စီ၊ PNO ပူးပေါင်းတပ်တွေ တိုက်ပွဲ‌တွေဖြစ်ပွားလို့ ပြင်းထန်လာခဲ့ပါတယ်။

ကရင်နီအမျိုးသားကာကွယ်ရေးတပ်-KNDF က ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်းမှာ အာဏာသိမ်းစစ်တပ်နဲ့ ပအိုဝ်းပြည်သူ့စစ် PNO စစ်သား ၄၅ ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားခဲ့ပါတယ်။ ပင်လောင်းမြို့နယ်တွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ပအိုဝ်းပြည်သူ့စစ် PNA/PNO စစ်သားတွေရဲ့ အလောင်းတွေကို PNO က ပြန်မပေးခဲ့တဲ့အပြင် ဆွမ်းကပ်ခွင့်တောင် မပေးဘူးလို့ သေဆုံးသွားတဲ့ PNA/PNO ပြည်သူ့စစ်တွေရဲ့ မိသားစုတွေထံကနေ သိရပါတယ်။ တိုက်ပွဲမှာ ကျဆုံးခဲ့တာကို အကြောင်းကြားခြင်းလည်း မရှိတာကြောင့် မိသားစုဝင်တွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထုတ်ပြန်တဲ့ မှတ်တမ်းတွေကို မြင်တွေ့မှသာ သေဆုံးကြောင်း သိရကြရတယ်လို့ ဆိုပါတယ်။

ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ် တိုက်ပွဲ မတ်လ ၈ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ တိုက်ပွဲ ၉ ရက်အတွင်းမှာ စစ်ကောင်စီတပ်သား ၄၅ ယောက်ကျပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ PDF Pekhon က ထုတ်ပြန်ခဲ့ပါတယ်။ ဖယ်ခုံ PDF1002 တပ်ရင်းနဲ့အတူ KNDF BO11၊ KA၊ DMO LOCAL PDF၊ ဖယ်ခုံ PDF 1006 တပ်ရင်း၊ PDF မိုးဗြဲ 1001၊ SSLRU၊ 1008၊ 1004၊ KRU၊ 1005၊ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ စတဲ့ မဟာမိတ်တပ်ပေါင်းဖွဲ့တွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီစစ်ကြောင်းတွေကို တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့လည်း စစ်ဓားပြတပ်တွေဟာ သူတို့ အကျအဆုံးများပြီး အထိနာခဲ့တာကြောင့် ပြည်သူကို ရှုံးမဲမဲပြီး ပင်လောင်းမြို့နယ်၊ နမ့်နိန်းကျေးရွာက ဗုဒ္ဓဘာသာဘုန်းတော်ကြီး ၃ ပါး အပါအဝင် ပြည်သူ ၂၂ ဦးကို မတ်လ ၁၁ ရက် ည ၈ နာရီဝန်းကျင်ခန့်မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် အစုလိုက်အပြုံလိုက် ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဆက်လက်ပြီး ရှမ်းပြည်နယ်တောင်ပိုင်းနယ်တွေ ဖယ်ခုံမြို့နယ်ကနေ ကရင်နီ‌ဒေသအထိ လက်ရှိအချိန်ထိ စစ်အကြမ်းဖက်ကောင်စီဘက်က စစ်ကြောင်း အများဆုံး ၆ ကြောင်းအထိ ထိုးစစ်ဆင်နေတာတွေရှိပြီး ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲတွေထဲ နှစ်ဦးနှစ်ဖက် ကျဆုံးမှုတွေရှိပြီး စစ်ကောင်စီဘက်က ၁၀၀ ကျော် သေဆုံးမှုရှိနိုင်တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ဥက္ကဋ္ဌ ခွန်ဘီထူးက ကန္တာရဝတီတိုင်း(မ်) နဲ့ တွေ့ဆုံမေးမြန်းစဉ်မှာ အောက်ပါအတိုင်း ပြောခဲ့ပါတယ်။

“မတ်လထဲမှာပေါ့နော စစ်ကောင်စီဘက်က ရဟတ်ယာဉ် အနည်းဆုံး ၁၅ ကြိမ်လောက် သုံးတယ်။ နောက် ဒီ လေယာဉ်ပေါ့နော အနည်းဆုံး ၁၀ ကြိမ်လောက်ကို တစီးတစီးကို တခါတလေ ၂ နေရာ ပစ်တဲ့ဟာမျိုးတွေ ကြုံရတယ်ပေါ့နော။ ပြီးခဲ့တဲ့ရက်တွေဆိုရင် ဒါ ဖယ်ခုံဘက်မှာ ရွာတွေကို ရွာထဲကိုပေါ့နော ဒါ လေယာဉ်နဲ့ပစ်တယ်။ နမ့်နိန်းရွာမှာဆိုရင် လေယာဉ်နဲ့ပစ်တာတွေ၊ နောက် ဒီ ပြီးခဲ့တဲ့ ရက်ပိုင်းမှာဆိုလည်း ဒီးမော့ဆို ရွာထဲမှာပဲပေါ့နော ဒီ လမ်းဆုံလမ်းခွမှာ ပစ်တာတွေ ကျနော်တို့ တွေ့ရတယ်ပေါ့နော။ ဒါက လေယာဉ်ကို အလွန်အကြူးသုံးပြီးမှ သူတို့ တိုက်ခိုက်မှုတွေ လုပ်နေတယ်။ အဲ့ဒီ တိုက်ခိုက်မှုတွေမှာလည်း အရပ်သား၊ ရွာသားတွေကို မခွဲခြားတော့ဘဲ တိုက်ခိုက်မှုတွေကို ကျနော်တို့ တွေ့ရတယ်ပေါ့နော” လို့ ခွန်ဘီထူးက ပြောပါတယ်။

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းဘက်မှာလည်း မတ်လ ၉ ရက်နေ့ကနေစပြီး စစ်ကောင်စီဘက်က စစ်ကြောင်း ၃ ကြောင်း ထိုးစစ်ဆင်ပြီး ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုတွေ ရှိခဲ့ပါတယ်။ ထိတွေ့တိုက်ပွဲတွေမှာ KA ရဲဘော်တဦး ကျဆုံးပြီး စစ်ကောင်စီဘက်က စစ်အင်အား ၃၀ ဝန်းကျင် ကျဆုံးမှုရှိနိုင်တယ်လို့ သိရပါတယ်။ ကရင်နီပြည်မှာဆိုရင် ၂၀၂၃ နှစ်ဦးပိုင်းအထိ စစ်ကောင်စီတပ်အင်အား ၁,၀၀၀ နီးပါးရှိနေပြီး မတ်လလောက်မှာ စစ်ကောင်စီဘက်က အင်အား ၁,၅၀၀ ခန့် ထပ်မံ စစ်ကြောင်းထိုး ထိုးစစ်ဆင်နေခဲ့တာ ဖြစ်ပါတယ်။

တကယ်တော့ နေပြည်တော်ကနေ အရှေ့ဘက် ခြေလျင်သွားရင်တောင် ၁ ရက်ခရီး အကွာအ‌ဝေးမှာရှိတဲ့ ပင်လောင်းမြို့နယ်ထဲမှာ တိုက်ပွဲတွေပြင်းထန်နေတာ နိုင်ငံရဲ့ မြို့တော်နားကပ်လျက် တိုက်ပွဲတွေ ဖြစ်နေတာဟာ စစ်ဗိုလ်ချုပ်တွေ ဦးခေါင်းပေါ် မီးလောင်နေတာပဲ ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့လည်း စစ်ဓားပြတပ်တွေဟာ သူတို့အကျအဆုံးများပြီး အထိနာခဲ့တာကြောင့် ပြည်သူကို ရှုံးမဲမဲပြီး ပင်လောင်းမြို့နယ်၊ နမ့်နိန်းကျေးရွာက ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ၃ ပါး အပါအဝင် ပြည်သူ ၂၂ ဦးကို မတ်လ ၁၁ ရက် ည ၈ နာရီဝန်းကျင်ခန့်မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် အစုလိုက်အပြုံလိုက် ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

အကုသိုလ်အကျိုးပေးဆိုတာ တခါတရံ တခုတည်းမကဘဲ အစုလိုက်အပြုံလိုက် လာတတ်ပါတယ်။ အထူးသဖြင့် ကျေးဇူးရှင် မိဘပြည်သူလူထုအပေါ် အရက်စက်ဆုံး နည်းလမ်းတွေနဲ့ ရမ်းကားမိုက်ရိုင်းပြီး ကျေးစွတ်နေကြတဲ့ စစ်ဓားပြသူခိုးအုပ်စုအတွက် အကုသိုလ်အကျိုးဆက်တွေ တသီတတန်း ဝင်လာနေပြီး ဦးခေါင်းမှာ မီးစွဲလောင်ခံလာရတဲ့ အရူးပမာ မီးဝိုင်းခံရတဲ့အဖြစ်မျိုး ကြုံလာရပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့မှာလည်း ကြာအင်းဆိပ်ကြီးမြို့၊ သံပုရာအုပ်စု၊ မကျည်းကလပ်ကျေးရွာနဲ့ ကော့ကမာကျေးရွာကြားမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ တိုက်ပွဲကြာချိန် ၂ နာရီကျော်အတွင်း အကြမ်းဖက်စစ်ကောင်စီဘက်က အယောက် ၄၀ ကျော် သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၃၀ ကျော်ဟာ ကစဉ့်ကလျား ထွက်ခွာသွားခဲ့ပြီး မြစ်၊ ချောင်းနဲ့ ကျေးရွာတွေမှာ ရဲဘော်ရဲဘက်စိတ်ဓာတ် ကင်းမဲ့စွာနဲ့ စစ်သားအလောင်းတွေကို စွန့်ပစ်ခဲ့ကြပြန်ပါတယ်။

နောက်ထပ် စစ်ဓားပြတပ်ရဲ့ တပ်ပျက်လာတဲ့ အခြေအနေကို မီးမောင်းထိုးလာတဲ့ သတင်းကတော့ မတ်လ ၁၄ ရက်နေ့ ရှမ်းပြည်နယ်၊ နမ့်စန်မြို့နယ် အခြေစိုက် ခြေလျင်တပ်ရင်း ခလရ ၂၄၇ တပ်မှ စစ်သည်တွေကို ဖယ်ခုံနဲ့ ကရင်နီပြည်နယ်ဘက်ကို စစ်ဆင်ရေး ရှေ့တန်းထွက်ဖို့ တာဝန်ပေးစဉ်မှာ အသေမခံနိုင်ဟုဆိုကာ ခလရ ၂၄၇ မှ ဗိုလ်မှူးနှင့် စစ်သား ၂ ဦး ထွက်ပြေးခဲ့ကြတဲ့သတင်း ဖြစ်ပါတယ်။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် ပြည်သူလူထု ခုခံစစ်ဟာ အရှိန်ရသထက်ရလာပြီး စစ်အကြမ်းဖက် ဓားပြတပ်ကို အထိနာစေခဲ့ရာမှာ အရင်က စစ်ခွေးသင်္ချိုင်း စစ်ကိုင်းတိုင်း ဆိုတဲ့ ပြောစမှတ်စကားကနေ အခုတော့ စစ်ခွေးမြေပုံ ရှမ်းဖယ်ခုံ - ကရင်ကယားနယ်အစုံ ဆိုရလောက်အောင် အကျအဆုံး များပြားလာတာမို့ အာဏာရူး စစ်ကောင်စီရဲ့ ကျဆုံးခန်းဟာ နီးသထက် နီးကပ်လာပြီး မကြာတော့မယ့် ကာလတခုမှာ မြို့တော် နေပြည်တော်အတွင်းအထိ တိုက်ပွဲတွေ ဖြစ်ပွားလာနိုင်သလို စစ်ဓားပြတပ် ပြိုကွဲဖို့ အကြောင်းတရားတွေ စုဝေးလာနေပြီ ဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024