
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာမှာ ဒုဗိုလ်မှူးကြီးဟောင်း ဦးမျိုးဇော်ရဲ့ ဇနီးဖြစ်သူ ဒေါ်ခင်မိုးအေးဟာ သေနတ်နဲ့ ပစ်ခတ်ခဲ့ရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။
မနေ့ မတ် ၂၄ ရက် နေ့လယ် ၂ နာရီအချိန်လောက်က ကင်မွန်းချောင်းနေအိမ်မှာ ရှိနေတဲ့ ဒုဗိုလ်မှူးကြီးဟောင်း ဦးမျိုးဇော်(ကွယ်လွန်)ရဲ့ ဇနီးဖြစ်သူ အသက် ၅၈ နှစ်အရွယ် ဒေါ်ခင်မိုးအေးကို လက်နက်ကိုင်ဆောင်သူ ၂ ဦးက နေအိမ်အတွင်း ဝင်ရောက်ကာ သေနတ်နဲ့ ပစ်ခတ်သွားခဲ့တာပါ။
သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ဒေါ်ခင်မိုးအေးဟာ ဦးခေါင်းပွင့်ထွက်ဒဏ်ရာရရှိပြီး အခင်းဖြစ်ရာ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။
ဒေါ်ခင်မိုးအေးရဲ့ ရုပ်အလောင်းကို လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ကင်မွန်းချောင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။
ဒေသခံတွေအဆိုအရ ကျိုက်ထိုဇာတိသူ ဖြစ်တဲ့ ဒေါ်ခင်မိုးအေးဟာ ရန်ကုန်မှာ အနေများပြီး ကင်မွန်းချောင်းကျေးရွာကို ပြန်ရောက်တာ မကြာသေးကြောင်းနဲ့ ဘာကြောင့် ပစ်သတ်သွားလဲဆိုတာ မသိရဘူးလို့ ဆိုပါတယ်။
စစ်တပ်ထောက်ခံသူ တယ်လီဂရမ်အကောင့်တွေမှာတော့ ဒေါ်ခင်မိုးအေးကို ပြည်သူ့ကာကွယ်ရေးတပ် PDF တွေက သတင်းပေးသူထင်ပြီး သေနတ်နဲ့ လာရောက် ပစ်သတ်သွားတာလို့ ဝါဒဖြန့်ရေးသားတာတွေ ရှိနေပါတယ်။
ဒေါ်ခင်မိုးအေး ပစ်ခတ်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က လုပ်ဆောင်ခဲ့တာ မရှိကြောင်းနဲ့ အခုဖြစ်စဉ်ဟာ သူတို့အချင်းချင်း မတည့်လို့ ပစ်ခတ်တာ ဖြစ်နိုင်ပြီး အခုလို အလားတူ ဖြစ်စဉ်တွေ ကျိုက်ထိုမြို့နယ်ထဲမှာ ၂ ကြိမ်ထက်မနည်း ဖြစ်ပွားထားတယ်လို့ သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့ကလည်း ကင်မွန်းချောင်းကျေးရွာအုပ်စု၊ တဂေးချောင်းကျေးရွာ မူလတန်းကျောင်းအုပ်ဆရာမ တစ်ဦးကို လက်နက်ကိုင်ဆောင်သူ ၃ ဦးက ဖမ်းဆီးသွားပြီးနောက် သေနတ်နဲ့ ပစ်သတ်သွားတဲ့ ဖြစ်စဉ် ဖြစ်ပွားထားပါတယ်။
မူလတန်းကျောင်းအုပ်ဆရာမ ပစ်သတ်ခံမှုအပေါ် စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား နှစ်ဖက်အပြန်အလှန် စွပ်စွဲတာတွေ ရှိနေပါတယ်။