အမေရိကန်သမ္မတဟောင်း ဒေါ်နလ်ထရမ့်ပ်ဟာ သူရာဇ၀တ်မှုစွဲချက်တွေကို ရင်ဆိုင်ရရင် နိုင်ငံပျက်စီးတာနဲ့ ကြုံရနိုင်ကြောင်း သတိပေးပြောဆိုလိုက်ပါတယ်။
“အခု သမ္မတ တက်လုပ်နေသူထက် မဲအများဆုံးရခဲ့တဲ့ အမေရိကန်သမ္မတဟောင်းကို ဘယ်လို ပုဂ္ဂိုလ်မျိုးက ရာဇဝတ်မှုနဲ့ တရားစွဲလို့ရမလဲ။ ဘာရာဇဝတ်မှုမှ မကျူးလွန်ထားပဲ တရားစွဲခံရမှန်း အားလုံးသိသွားတဲ့အခါ သေခြင်းတရားနဲ့ ပျက်စီးခြင်းတွေဟာ နိုင်ငံရဲ့ကပ်ဆိုး ဖြစ်သွားနိုင်တယ်” လို့ ဒေါ်နယ်ထရမ့်ပ်က ပြောထားပါတယ်။
အပြာသရုပ်ဆောင် စတော်မီ ဒယ်နီယလ်ကို ထရမ့်ပ်က တိတ်တဆိတ်ငွေပေးချေမှုကို စုံစမ်း စစ်ဆေးနေတဲ့ နယူးယောက် အစိုးရရှေ့နေတွေက သူတို့ ခြိမ်းခြောက်ခံရမှာ မဟုတ်ဘူးလို့ ပြောကြားအပြီး နာရီပိုင်းအကြာမှာပဲ ထရမ့်ပ်က ပြောသွားတာပါ။
အပြာသရုပ်ဆောင် စတော်မီ ဒယ်နီယလ်ကတော့ ၂၀၀၆ ခုနှစ်က ထရမ့်ပ်နဲ့ လိင်ပိုင်းဆိုင်ရာ တွေ့ဆုံခဲ့မှုနဲ့ပတ်သက်ပြီး နှုတ်ဆိတ်နေပေးခ ငွေကြေးကို လက်ခံရရှိခဲ့ကြောင်း ပြောထားပါတယ်။
ထရမ့်ပ်ကတော့ ဒယ်နီယလ်နဲ့ ပတ်သက်မှုမရှိကြောင်း ငြင်းဆိုထားပြီး အဲဒီငွေပေးချေမှုကို ရိုးရှင်းတဲ့ သီးသန့်ငွေပေးငွေယူကိစ္စ လို့ ဆိုထားပါတယ်။
သူဟာ ရာဇ၀တ်မှု ကျူးလွန်ထားခြင်း မရှိကြောင်းနဲ့ ဒီစုံစမ်းစစ်ဆေးမှုကိုလည်း နိုင်ငံရေးအရ လှုံ့ဆော်မှု လို့ ခေါ်ဆိုခဲ့ပါတယ်။
ထရမ့်ပ်ရဲ့ ထရုသ်-အမှန်တရား ဆိုရှယ်မီဒီယာမှာ တင်ထားတဲ့ ပို့စ်ဟာ ထရမ့်က နောက် ၃ ရက်အကြာမှာ သူ အဖမ်းခံရတော့မယ် ဆိုပြီး မှားယွင်းစွာခန့်မှန်းခဲ့တဲ့ ပြီးခဲ့တဲ့ မတ်လ ၁၈ ရက် ကတည်းက မန်ဟက်တန် ခရိုင်ရှေ့နေ အလ်ဗင်ဘရက်ခ်ကို နှုတ်နဲ့တိုက်ခိုက်ထားတဲ့စာကို နောက်ဆုံး တင်ထားပါတယ်။
မတ် ၂၃ ရက်က ကွန်ဂရက်လွှတ်တော်ရှိ ရီပတ်ဘလစ်ကန် ကော်မတီဥက္ကဋ္ဌတွေဆီ ပေးပို့တဲ့ စာတစ်စောင်ထဲမှာ ဘရက်ခ်ရဲ့ ရုံးအဖွဲ့ဟာ သူ့ရုံးခန်းကို စုံစမ်းစစ်ဆေးဖို့ သူတို့ရဲ့ ရာထူးကို စိန်ခေါ်ခဲ့ပြီးတော့ ထရမ့်ပ်ဟာ စနေနေ့မှာ သူ အဖမ်းခံရတော့မယ် ဆိုပြီး သတင်းမှားတခုကို ဖန်တီးခဲ့တယ် လို့ ပြောထားပါတယ်။
ထရမ့်ပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲလိမ်ခံရလို့ သူ ရှုံးနိမ့်ခဲ့ရတယ်လို့ အခိုင်အမာ ပြောဆိုခဲ့တာဖြစ်ပြီး ရွေးကောက်ပွဲရလဒ်ကို ကွန်ဂရက်လွှတ်တော်အနေနဲ့ အသိအမှတ်မပြုဖို့ တားဆီးတဲ့ ကြိုးပမ်းမှုအနေနဲ့ ၂၀၂၁ ဇန်နဝါရီ ၆ ရက်မှာ အမေရိကန်လွှတ်တော်အဆောက်အဦကို ဝင်စီးနင်းဖို့ ဒေါ်နယ်ထမ့်ပ်က သူ့ထောက်ခံသူတွေကို လှုံ့ဆော်ခဲ့ပါတယ်။