Sunday, June 11, 2023
HomeLead Storyအုတ်ဖိုတိုက်ပွဲတွင် စစ်တပ်က ၆ ဦး သေဆုံး၊ စဥ့်ကူးကို စစ်ကြောင်းထိုးလာသည့် စစ်တပ် တိုက်ခိုက်ခံရ

အုတ်ဖိုတိုက်ပွဲတွင် စစ်တပ်က ၆ ဦး သေဆုံး၊ စဥ့်ကူးကို စစ်ကြောင်းထိုးလာသည့် စစ်တပ် တိုက်ခိုက်ခံရ

ပဲခူးတိုင်း အုတ်ဖိုမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဗိုလ်မိုးကြိုးဦးဆောင်တပ်တို့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆ ယောက် သေဆုံးကာ အများအပြားဒဏ်ရာ ရရှိခဲ့တယ်လို့ ပဲခူး PDF တွေက ပြောပါတယ်။

ဂမုန်းဆည်နားက တာဝါတိုင်ရွာနားမှာ စစ်ကောင်စီစစ်ကြောင်းကို သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁၊ တပ်ခွဲ၅ (ဗိုလ်မိုးကြိုးအဖွဲ့)က ဦးဆောင်ပြီး ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၂၊ တပ်ခွဲ၅ ၊ တပ်စု ၂ နဲ့  ပူးပေါင်းကာ  မတ် ၂၄ ရက် မနက် ၁၀ နာရီကျော်မှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်က ၆ ယောက် သေဆုံးကာ ပူးပေါင်းတပ်ဖွဲ့တွေအနေနဲ့ ထိခိုက်မှု မရှိဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားရာ နေရာတွေကို လက်နက်ကြီး ပစ်ကူပေးခဲ့တယ်လို့ ပဲခူး PDF က သတင်းထုတ်ပြန်ထားပါတယ်။

ပဲခူးတိုင်းထဲမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေကြား နေ့စဥ်လိုလို တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

မန္တ​လေးတိုင်း စဥ့်ကူးမြို့နယ် ရွာသာယာရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို မတ် ၂၄ ရက်ည ၇ နာရီလောက် လက်နက်ကြီးလက်နက်ငယ်တွေနဲ့တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်ကျားကြီးအဖွဲ့က ဗိုလ်ကျားကြီးက ပြောပါတယ်။

ကြက်တူရွေးကျေးရွာကနေ အင်အား ၈၀ ဝန်းကျင်နဲ့ ထွက်လာတဲ့ စစ်ကြောင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။

“ရွာသာယာရွာကို သူတို့စစ်ကြောင်းထိုးလာတာ၊ ရွာသာယာက ပျူရွာဆိုတော့ သူတို့နဲ့ပေါင်းလိုက်ရင် အင်အား ၁၀၀ လောက်ရှိတယ်၊ ည ၇ နာရီကနေ ၁၂ နာရီအထိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာ၊ လက်နက်ငယ်ကတော့ စနိုက်ပါနဲ့ပစ်ခဲ့တာ” လို့ ဗိုလ်ကျားကြီးက ပြောပါတယ်။

ရွာသာယာရွာကို ရောက်နေတဲ့ စစ်သားတွေကလည်း လက်နက်ကြီးနဲ့ ၁၀ ချက်လောက် ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှု အခြေအနေကို မသိရသေးဘဲ ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကတော့ ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ ဆိုပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular