Home
ဆောင်းပါး
ငပူတင်းနှင့် ငမွေထိုး (သရော်စာ)
DVB
·
March 25, 2023

(က)

“ကဲ ခုတော့ ဘာပြောမလဲ . . . . . .”

အဘစောမူးသာက သီချင်းထညည်းလေ၏။

အရင်က စိုးပိုင်သီဆိုခဲ့ပြီး နောက်ပိုင်း ဘိုဖြူထပ်ဆိုသည့် ‘ပြည့်စုံပါစေ’ သီချင်းထဲက စာသားတကြောင်း ဖြစ်၏။

“ကဲ . . . ခုတော့ ဘာပြောမလဲ . . . . . .”

“ကဲ . . . ခုတော့ ဘာပြောမလဲ . . . . . .”

အနှီတကြောင်းတည်းကိုသာ ကျော့၍ ကျော့ကာ ညည်းနေပါလေရာ စစ်ပြန်ကြီး အဘလုံးတုံးနှင့် ဖေကြီးတို့မှာ ပေါ့ပေါ့ပါးပါး ပြုံးကာရယ်ကာ နားဆင်နေသော်ငြား အဘစိမ်းမောင်နှင့် သူ့သာဝက အဘစိမ်းလွင်တို့မှာ မျက်စိမျက်နှာ ပျက်တက်တက်တွေပါ ခင်ဗျ။

“ကဲ . . . ခုတော့ ဘာပြောမလဲ . . . . . .”

“ဟေ့ကောင် မူးသာ . . . ရှေ့ဆက်ဆိုလေကွာ . . . ဒီနေရာမှာပဲ တဝဲလည်လည်”

“ဟကောင် စိမ်းမောင်ရ . . . ငါ့ဘာသာ ငါ ကြိုက်တဲ့နေရာ ဖြတ်ဆိုတာ ဘာဖြစ်လဲ”

အဘစိမ်းမောင်ရဲ့ ခပ်တင်းတင်းအပြောကို အဘစောမူးသာက ဤသို့ ခပ်ပြတ်ပြတ် တုံ့ပြန်ပါလေရာ ရေနွေးကြမ်းဝိုင်းမှသည် လက်ဝှေ့ဝိုင်းဆီ ရောက်တော့မည်ထင့်။ စကားအဖြစ်သာ ပြောတာပါ။ တကယ်တော့ သူတို့သူငယ်ချင်းတွေဟာ လက်မပါကြပါဘူး။ စကားလုံးတွေနဲ့ပဲ မထိတထိ ပစ်ခတ်ကြတာပါ။

“ဒါနဲ့ ကြင်စိုး သာဝ မအလ ကိုးကွယ်နေတဲ့ ‘ဗလာချီနွှာ ငပူတင်း’ ကြီးကို ကမ္ဘာ့တရားရုံး ICC ကနေ ဖမ်းမိန့်ထုတ်လိုက်ပြီနော်”

“ကဲ . . . ခုတော့ ဘာပြောမလဲ . . . . . .”

အဘလုံးတုံးစကားအပြီးမှာ အဘစောမူးသာက တကျော့ထပ်ပြီး ဆိုညည်းပါသဗျ။ စိမ်းသရဖူစိမ်း အဘတွေကတော့ မကြည်သလို မျက်နှာထားတွေနဲ့ မရယ်မပြုံး။ လက်စသတ်တော့ ဟိုအဘတွေက ‘ပူတင်ကိစ္စ’ ဆွနေကြတာကိုး။

“မင်းတို့ကြည်ညိုပြီး ကိုးကွယ်နေတဲ့ မအလကြီးက ကိုးကွယ်ပြီး ကြည်ညိုနေတဲ့ ပူတင်ဆိုတဲ့ကောင်ကြီးသတင်း သိပြီးကြပြီ မဟုတ်လား”

အဘစောမူးသာ အမေးကို အဘစိမ်းမောင်တို့က ဘာမှမသိသလိုလိုပုံစံမျိုး ချိုးနေပါတယ် ခင်ဗျ။ သိလည်း သူတို့နဲ့ ဘာမှမဆိုင်ပါဘူးဆိုတဲ့ မျက်နှာထားတွေနဲ့ပါ။ ဒါပေမယ်လို့ မအလကြီး ရုရှားသွားပြီး ပူတင်နဲ့ မိနစ်ပိုင်းလေး ဖင်မနွေးအောင် ဆုံခဲ့ရတာကိုပဲ အဘစိမ်းမောင်တို့က ‘ကမ္ဘာ့ခေါင်းဆောင်ကြီးနဲ့ တန်းတူ ကမ္ဘာ့အရေးတွေ ဆွေးနွေးခဲ့တာကွ’ လို့ အားရပါးရ ပြောခဲ့ကြတာ သိပ်မကြာသေးဘူးမဟုတ်ပါလား။

“ကဲ . . . ခုတော့ ဘာပြောမလဲ . . . . . .”

“တော်ကွာ . . . တော် တော် . . . မူးသာ”

“ဝါး ဟားဟား ဟားဟား ဟားဟား . . . .”

(ခ)

“ဒါနဲ့ စိမ်းမောင်ရ . . . မင့်တူ ရုရှားပြန်ကြီးနဲ့ အဆက်အသွယ်ရသေးလားဟ”

အဘစောမူးသာက စကားလမ်းကြောင်းပြောင်းသလိုလိုနဲ့ မေးပြန်ပါတယ်ခင်ဗျ။ အဘစိမ်းမောင် တူတော်မောင်ဟာ DSA ကဆင်းတာဖြစ်ပြီး ရုရှားကို ပညာတော်သင်သွားရတာ လေးငါးနှစ်ကြာသတဲ့။ ပြန်ရောက်ပြီးနောက် တိုက်ရခိုက်ရတဲ့ တပ်တွေကို မသွားရတော့ဘဲ စစ်တက္ကသိုလ်တခုမှာပဲ ဆရာပြန်လုပ်နေရပါသတဲ့။ အခု ဗိုလ်မှူးတဲ့။

“ရုရှားပြန် မင်းတူကြီးနဲ့ အဆက်အသွယ်ရသေးလား ဟကောင်ကြီးရ”

“အဲ . . . အင်း . . . ရပါတယ်ကွ . . . သူလည်း ကြီးလေးတဲ့ နိုင်ငံတော်ရဲ့ တာဝန်ဝတ္တရားတွေနဲ့ မအားပါဘူးကွာ”

“အေးပေါ့ကွာ . . . ဒါနဲ့ သူက စစ်တက္ကသိုလ်မှာ ဘာတွေနည်းပြရတာတဲ့လဲဟ”

“အဲ . . . အဲ . . . ဟိုဟာမျိုးတဲ့ကွာ . . . ချေမှုန်းတိုက်ခိုက်နည်းတွေကို ကွန်ပျူတာတွေထဲမှာ သင်ကြားပြသပေးရတာတဲ့ကွ”

“သြော် . . . ဒီလိုလား”

အဘစိမ်းမောင် ပြုံးစိစိ၊ အဘလုံးတုံးက ပြုံးစပ်စပ်။ အဘစိမ်းမောင်တို့ အဘစိမ်းလွင်တို့က ခပ်တည်တည် မြင်ရပါတယ် ခင်ဗျ။

အဘစိမ်းမောင်က သူ့ရဲ့တူ ရုရှားပြန်ကြီးအကြောင်းကို အားရပါးရ ဆက်ပြောနေပါတယ်။ ဘယ်လိုတော်လို့ ရုရှားကိုပညာတော်သင်သွားဖို့ အရွေးခံရတာဖြစ်ကြောင်း၊ ဟိုမှာ သုံးလေးငါးနှစ်နေရပြီး ခေတ်မီစစ်နည်းဗျူဟာတွေကို ဘယ်လိုဘယ်ပုံ တတ်ကျွမ်းခဲ့ကြောင်း၊ အခုအခါမတော့ တပ်မတော်အတွက် အောင်ပွဲတွေဆင်နိုင်ဖို့ရာ သူတို့ဂျူနီယာတွေကို ပညာပေးဝေနေပြီဖြစ်ကြောင်း အာဘောင်အာရင်းသန်သန်နဲ့ လွှတ်နေပါသဗျ။ အဘစောမူးသာနဲ့ အဘလုံးတုံးတို့ကလည်း ပြုံးဖြဲပြုံးဖြဲမျက်နှာတွေနဲ့ လွှတ်ပေးထားပါတယ် ခင်ဗျ။

“လူတွေကို ဘယ်လိုဘယ်ပုံ နှိပ်စက်ရမယ်တို့၊ ရွာတွေကို ဘယ်လိုဘယ်ပုံ ဗုံးကြဲချရမယ်တို့၊ ရွာလုံးကျွတ်လောင်အောင် မီးကို ဘယ်ပုံဘယ်ညာ ရှို့ရမယ်တို့၊ ဘုန်းကြီးတွေကို ဘယ်ပုံဘယ်နည်း ရိုက်နှက်ရမယ်တို့၊ စစ်ဘေးရှောင်တွေကို ဘယ်ပုံဘယ်နည်းနဲ့ စားနပ်ရိက္ခာ ဖြတ်တောက်ကြရမယ်တို့ ဆိုတဲ့နည်းတွေကို ရုရှားမှာ သင်ခဲ့ရပုံပဲ”

“ဟဲဟဲ ဟဲဟဲ ဟဲဟဲ . . .”

အဘစောမူးသာ အပြောကို စစ်ပြန်ကြီး အဘလုံးတုံးက တဟဲဟဲ ခပ်သာသာ ရယ်ပါသဗျ။ စိမ်းသရဖူစိမ်း အဘတွေကတော့ မျက်နှာကြီးတွေ ညိုပုပ်လို့ သိပ်ကြည်ပုံမရကြတော့ပါ။ အဘလုံးတုံးနဲ့ အဘစောမူးသာတို့ကတော့ သည်နေ့စကားခရီးကို အဆုံးအထိ ဆက်လျှောက်ကြမည့်ပုံပါ ခင်ဗျ။

“မင့်တူ ရုရှားပြန်ကြီးနဲ့ ဖုန်းရရင်ပြောကွာ . . . ငါလည်း မာကြောင်းသာကြောင်း နည်းနည်းတော့ ပြောချင်တယ် . . . ဟဲ ဟဲ ဟဲ”

(ဂ)

“ဒါနဲ့ မင်းတူကြီး CDM တွေ ဘာတွေများ လုပ်မယ်လို့ ပြောသံကြားလားဟ”

“ဟေ . . . အဲ . . .”

အဘစောမူးသာတို့ကား မလွယ်ပါလား ခင်ဗျာ။ ဟိုတဖက်သားခင်မျာ အဖြေရကြပ်မှာ။

“CDM လုပ်ပြီး ‘ပြည်သူ့တပ်မတော်သား’ လုပ်မယ်ဆိုလည်း ချက်ချင်းလုပ်တော့လို့။ အခုကာလက သူတို့တွေအတွက် ‘အချိန်’ သိပ်ကိုနည်းလွန်းနေပြီဟ”

“အဲ . . . အင်း . . .”

နောက်ဆုံးမတော့ ‘ပူတင်’ နှင့် ‘ပုတင်’ တို့၏ ရွှေလက်မြဲမြဲ ခိုင်ခိုင်တွဲကာ ငရဲတွင်းနက်နက်ထဲကို ခုန်ချကြတာနဲ့ နိဂုံးချုပ်ပါသဗျ။ စိတ်ထားယုတ်ညံ့ပြီး မနာလိုစိတ် တအားများကာ နာဇီ ဖက်ဆစ်စိတ်ဓာတ်နဲ့ အဓမ္မကောင် ကြင်စိုး သာဝ မအလဟာ ‘ဆရာ’ အတင်မှားပြီး ‘အပေါင်းအသင်း’ ပါ ထပ်မှားခဲ့တဲ့အတွက် သိပ်မကြာခင် လပိုင်းအတွင်းမှာပဲ သူ့ပထွေး ‘ငပူတင်း’ လို အဖြစ်ဆိုးမျိုးနဲ့ မုချဧကံ ကြုံရမှာပါတဲ့ ခင်ဗျ။

“အခုဆို မင်းတို့လည်း အမြင်ပဲ၊ ရုရှားက ‘ငပူတင်း’ ကြီးကို ICC ကမ္ဘာ့တရားရုံးက ‘ဖမ်းဝရမ်း’ တရားဝင်ထုတ်ထားပြီဆိုတော့ ဒီကောင်ကြီး အသွားအလာ အနေအထိုင် ကြပ်သွားပြီ စိမ်းမောင်ရဲ့”

“မင်းတို့ကသာ ကြပ်တယ်ပြောနေ၊ ဖမ်းဝရမ်းအထုတ်ခံရပြီးတဲ့ရက်မှာ သူတို့သိမ်းပိုက်ထားတဲ့ ‘ခရိုင်းမီးယား’ ကို သိမ်းပိုက်ခြင်း ၈ နှစ်ပြည့် အထိမ်းအမှတ်တောင်မှ သွားပြလိုက်သေးတာဟ မူးသာရ”

“ဝါး ဟားဟား ဟားဟား ဟားဟား . . . .”

“ဗမာစကားမှာ ‘ဟန်ကိုယ့်ဖို့’ ဆိုတာ ရှိတယ်မဟုတ်လား။ အဲသည်သဘောပဲစိမ်းမောင်ရ၊ ‘ငါ မကြောက်ဘူးကွ’ ဆိုတဲ့ ကလေးစိတ်နဲ့ သွားပြတာကွ . . ဟ ဟ ဟ”

“မင်းတို့ ICC ကလည်း တကယ်တော့ မဖမ်းရဲလောက်ပါဘူးကွာ”

အဘစိမ်းမောင်တို့ အဘစိမ်းလွင်တို့ကား ဖင်တကြွကြွ ဖြစ်နေကြပါ၏။ ဒီနေ့စကားဝိုင်းကို ဖြတ်ချင်နေပြီဖြစ်၏။ သို့ဖြင့် ရေနွေးတခွက်မော့ကာ ‘ပြန်တော့မယ်ဟေ့’ ဟု ပြောလာရာ အဘစောမူးသာက နိဂုံးချုပ်ပေးပါလေ၏။

“ICC ကို အရေးမပါဘူးလို့ ထင်နေကြသူတွေကို ချက်နိုင်ငံသမ္မတ ပါဗယ်က ဘယ်လိုပြောလဲ သိလား”

“ . . . . . .”

“ပူတင်ဟာ အခုလက်ရှိအခြေအနေမှာ ခေါင်းတွေ တအားခဲနေပြီး သူ့ဘဝရဲ့ အနာဂတ်ဟာလည်း တော်တော်ကြီးကို ရှုပ်ထွေးသွားပါပြီ တဲ့”

“. . . . . .”

“နိုင်ငံတကာကလေဆိပ်တွေမှာ ပူတင်ကို ကြိုဆိုမယ့်သူမရှိဘဲ ဖမ်းဆီးမယ့်သူတွေကပဲ စောင့်နေကြပါလိမ့်မယ် တဲ့”

“. . . . .”

“သဘောကတော့ကွာ ICC စာချုပ်မှာ ပါဝင်နေတဲ့ နိုင်ငံတွေရဲ့ လေဆိပ်တွေမှာ အစိုးရကိုယ်စားလှယ်တွေက အရင်ကလိုမျိုး ကော်ဇောနီကြီးတွေခင်းပြီး စောင့်ကြိုနေမှာ မဟုတ်ဘဲ ICC တရားရုံးစိုက်ရာ ‘သဟိတ်ဂ်’ ကို ဖမ်းဆီးပို့ဆောင်မယ့်လူတွေကပဲ ရဲကားတွေ၊ လက်ထိပ်တွေ၊ အချုပ်ကားတွေနဲ့ အသင့်စောင့်ကြိုဆိုနေတာကို ငပူတင်းကြီး ရင်ဆိုင်ရတော့မှာတဲ့ကွ . . . . . ဟ ဟ ဟ”

“အေးကွာ . . . သူ့ဖမ်းတာ ဘာဖြစ်လဲ . . . ကိုယ်တွေက အနေသာကြီး”

“ဝါး ဟားဟား ဟားဟား ဟားဟား . . . .”

“ဘာရယ်စရာ ပါလို့လဲမူးသာရ”

“သည်မှာ စိမ်းမောင် . . . ‘ကြံရာပါ’ ဆိုတာလည်း အတူတူပဲ အပြစ်ကြီးသဟ”

“. . . . . .”

“ယူကရိန်းကို ရုရှားကကျူးကျော်ပြီး တပတ်အတွင်း တနိုင်ငံလုံးကို သိမ်းပိုက်မယ်လို့ ငပူတင်း ပြောတုန်းက မင်းတို့အဘ ကြင်စိုး သာဝ မအလက အားတက်သရော မျက်နှာလိုအားရ ကမ္ဘာသိ အားပေးထောက်ခံခဲ့တာလကွာ”

“. . . . . .”

“အေး . . . မင်းတို့ရဲ့ ကြင်စိုး သာဝ မအလဟာ ကိုယ့်နိုင်ငံသူ နိုင်ငံသားတွေကို ဖမ်းဆီး နှိပ်စက် သတ်ဖြတ်နေတဲ့ အမှုကြီးကတမှု၊ သူများက သူတပါးကို မတရားကျူးကျော်သိမ်းပိုက် သတ်ဖြတ်နေတာကို ‘ထောက်ခံပါတယ်ဗျို့’ သွားလုပ်တာက နောက်တမှုဆိုတော့ကာ”

“. . . . . .”

“အခု အကျယ်ချုပ်ကျနေပြီး ကျီးလန့်စာစားနေနေရကာ လက်ရှိ ကမ္ဘာပေါ်မှာ အိပ်မပျော်တဲ့ရောဂါ စွဲကပ်နေပြီဖြစ်တဲ့ ‘ငပူတင်း’ နဲ့ ‘ငမွေထိုး’ တို့ ငနာနှစ်ကောင်ရဲ့ နိဂုံးအပိုင်းဟာ ရောက်ရှိလာတော့မှာပါပဲဗျား”

“ဝါး ဟားဟား ဟားဟား ဟားဟား . . . .”

ဖေကြီး (လေရှီး)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024