Thursday, June 8, 2023
HomeLead Storyမြောင်၊ ဘုတလင်နှင့် ဆားလင်းကြီးမြို့တို့တွင် တိုက်ပွဲများဖြစ်ပွား၊ နှစ်ဖက်အကျအဆုံးရှိ

မြောင်၊ ဘုတလင်နှင့် ဆားလင်းကြီးမြို့တို့တွင် တိုက်ပွဲများဖြစ်ပွား၊ နှစ်ဖက်အကျအဆုံးရှိ

စစ်ကိုင်းတိုင်း  မြောင်မြို့နယ်၊ လက်ယက်မနဲ့ ကြာပင်လှရွာကြား မတ် ၂၄ ရက်ဖြစ်ပွားတဲ့ တိုက်ပွဲမှာ စစ်တပ်က ၇ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံကာကွယ်ရေး အဖွဲ့ဝင်တွေက ပြောပါတယ်။

မြောင်မြိူ့နယ် CDSOM ကိုနွေဦးက “မနက်ခင်း ၁၀ နာရီလောက်က မိုင်းတွေကို  ဖော်နေချိန် ကျနော်တို့ ဖောက်ခွဲတာတွေ လုပ်နိုင်ခဲ့တယ်။ အဲဒီအကြိမ်က ၄ ကောင် ကျတယ်။ နောက်ပြီး နေ့ခင်း ၁၂ နာရီလောက်ကြတော့ သူတို့ အုပ်စုဖွဲ့နားနေတဲ့ နေရာကို ၄၀ မမ ၂ လုံးနဲ့ အလစ်ဝင်ပစ်တယ်။ အဲဒီလို ပစ်လို့ စစ်ကောင်စီဘက်က အကျဆုံး များလောက်တယ်။ နယ်မြေကျွမ်းကျင်မှုနဲ့ ပြောက်ကျားစနစ်ကို သုံးခဲ့တာကြောင့် ကိုယ်ဘက်က ထိခိုင်မှု မရှိဘူး။ သူတို့ ဘက်က ၃ ကောင်ကျတယ်” လို့ ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ မတ် ၁၃ ရက်က မြောင်မြို့နယ်ထဲကို ဝင်ရောက်လာတာကြောင့် ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

လတ်တလော စစ်တပ်က လက်ယက်မကျေးရွာအတွင်း တပ်စွဲနေသေးတာကြောင့် ဒေသခံတွေ ဟာ စစ်ဘေးရှောင်နေရပ်စွန့်ခွာ နေရဆဲဖြစ်တယ်လို့ ဆိုပါတယ်။

မြောင်မြို့နယ် Local ခေါင်းဆောင် တဦးက “တိုက်ပွဲဖြစ်နေတာကို လက်နက်ကြီး ပစ်ကူဖို့ သွားတာကို စစ်တပ်နောက်ချန်ကင်းနဲ့ တွေ့ပြီး  တော်လှန်ရေးအဖွဲ့က  ၅ ဦး အသတ်ခံ လိုက်ရတယ်။ အလောင်းတွေတော့ ကောက်လာနိုင်ခဲ့ပြီ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ကတော့ မြောင်မြို့နယ်အတွင်းမှာ ဘီးလူးစစ်ကြောင်းဆိုပြီး ရက်ရှည်စစ်ကြောင်း ထိုးနေတာလို့လည်း ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း မုံရွာ-ဘုတလင်သွားကားလမ်းကို မိုင်းရှင်းနေတဲ့ စစ်ကြောင်းကို မတ် ၂၄ ရက် ညနေ ၃ နာရီခွဲကျော်က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေးခေါင်းဆောင်တွေက ပြောပါ တယ်။

မိုင်းရှင်းဖို့လာတဲ့စစ်ကြောင်းကို ဘုတလင်မြို့နယ် ညောင်ပင်ကန်ရဲ့အရှေ့မြောက်ဘက် သရက်ခြံရဲ့တောင်ဘက်မှာ မိုင်း ၄ လုံး ခွဲပြီးတိုက်ခဲ့သလို သရက်ခြံရဲ့မြောက်ဘက်မှာ မိုင်း ၈ လုံးဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဘုတလင် ဗိုလ်တိုက်မောင်းအဖွဲ့ တာဝန်ရှိသူက “ဇီးတောရွာကနေ ဘုတလင်မြို့ဘက် မိုင်းရှင်းတယ်။ အဲဒီလို မိုင်ရှင်းလာတဲ့ စစ်ကြောင်းကို မိုင်းဆွဲခဲ့တယ်။ အထိခိုက်ကတော့ အများကြီး ရှိနိုင်တယ်။ အတိအကျတာ့ မသိရသေးဘူး” လို့ ပြောပါတယ်။

အင်အား ၁၅၀ပါ စစ်ကြောင်းဟာ နယ်မြေမိုင်းရှင်းလင်းရေး လုပ်နေပြီး မတ် ၁၉ ရက်က ကြီးဗဒုံရွာကို ဝင်ပြီး ကျေးရွာလုံခြုံရေးအဖွဲ့ဝင် တယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

Chindwin Brother Force ခေါင်းဆောင်က “ဗိုလ်တိုက်မောင်းအဖွဲက မိုင်းဆွဲပြီး ဒီကောင်တွေ ကားလမ်းမပေါ်ကနေ  စု မသွားတော့ဘဲ လမ်းဘေး ယာခင်းတွေထဲကပါ တပ်ဖြန့်ပြီး လာကြတယ်။ အဲဒါကို သိလို့ ဒရုန်းအသုံးပြုပြီး ဥက္ကာမင်းသစ်ဆီဆိုင်နားမှာ ဗုံးသီးချ တိုက်ခိုက်ခဲ့တာ တကောင်ကတော့  ဒဏ်ရာပြင်ထန်ရသွားတယ်” လို့ ပြောပါတယ်။

အခုလို စစ်တပ်နဲ့ ပြည်သူကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဘုတလင်-မုံရွာသွား ကားလမ်းမဘေးက ဇီးတောရွာ၊ မြို့ပေါ်ရွာ၊ နေပူကုန်းရွာနဲ့ သာရိုးကုန်းရွာက ဒေသခံ ထောင်ချီ စစ်ရှောင်နေရတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်နဲ့ ၄ မိုင်အကွာခန့်က ကျားတက်ရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ပျူစောထီးတပ်ဖွဲ့ဝင်တွေကို မတ် ၂၃ ရက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေဟာ အဲဒီရဲစခန်းကို  မတ် ၂၃ ည ၇ နာရီလောက်မှာ လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ရာက နှစ်ဘက်အပြန်အလှန် တိုက်ပွဲ မိနစ် ၃၀ လောက် ဖြစ်ပွားခဲ့ပြီး  PDF  ရဲဘော်တယောက် ဒဏ်ရာရရှိခဲ့တယ်လို့ NRG/Salingyi က ပြန်ကြားရေးတာဝန်ရှိသူတဦးက ပြောပါတယ်။

“ကျားတက်စခန်းက ကောင်တွေ တအားမိုက်ရိုင်းတယ်။ ပြည်သူအပေါ်ဆက်ဆံတဲ့ ဆက်ဆံရေးက တအားဆိုးရွားလာတဲ့အတွက် ညီနောင်မဟာမိတ်တွေနဲ့သွားတိုက်ခဲ့တာပါ။ ဒီကောင်တွေရဲ့ ရဲစခန်း အဆောက်အအုံတွေပေါ် ကျတာဆိုတော့ အထိအခိုက်တော့ များမယ်ထင်တယ်။”

စစ်ကိုင်းတိုင်းအတွင်း တိုက်ပွဲဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular