
မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးအဓိကနေရာဖြစ်တဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့ ကုန်သွယ်ရေးဇုန်ရှိ စစ်ကောင်စီပစ်မှတ်တွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ ပူးပေါင်းတပ်ဖွဲ့ တွေက ပစ်ခတ်ခိုက်ခဲ့ပါတယ်။
မြဝတီကုန်သွယ်ရေးဇုန်အနီးရှိ ခလရ ၂၇၅ တပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က မတ်လ ၂၄ ရက် မနေ့ ည ၁၀ နာရီမှာ ဒရုန်းနဲ့စတင် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ကရင်လက်နက်ကိုင်တပ်ဖွဲ့သတင်းရင်းမြစ်က ပြောပါတယ်။
ဒီကနေ့ မနက် ၄ နာရီမှာလည်း မြဝတီကုန်သွယ်ရေးဇုန်မှာ လုံခြုံရေးယူထားတဲ့ ရဲကင်းစခန်းကို ပူးပေါင်းတပ်ဖွဲ့က ဝင်တိုက် သိမ်းပိုက်ပြီး မီးရှို့ခဲ့ပါတယ်။
မြဝတီ-ကော့ကရိတ် အာရှလမ်းအစပိုင်းရှိ BGF စခန်းကုန်းတခုကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းယူခဲ့ပြီး သင်္ကန်းညီနောင်အဝင် ၉၀၁ တပ်စခန်းကိုလည်းဝင်တိုက်နေသလို စစ်ကောင်စီတပ်တွေ စစ်ကူလာလို့ မရအောင် ကားလမ်းကိုလည်း မိုင်းဖောက်ခွဲ ဖျက်ဆီးထားတယ်လို့ သိရပါတယ်။
ဒီနေ့မနက် ၉ နာရီလောက်အထိ ပစ်ခတ်မှုတွေ ဆက်လက်ဖြစ်နေပြီး နှစ်ဖက်တပ်တွေ ထိခိုက် ကျဆုံးမှု အခြေအနေအတိကျ မသိရသေးပါဘူး။
ပစ်ခတ်မှုဖြစ်ပြီးနောက် မြဝတီမြို့တွင်းရဲစခန်းအနီး ပြည်သူတွေ ဖြတ်သန်းသွားလာလို့ မရအောင် လမ်းတွေပိတ်ထားတယ်လို့ မြို့ခံတွေထံက သိရပါတယ်။