Home
မြန်မာသတင်း
ကန့်ဘလူ၌ စစ်တပ်က ရွာကိုမီးရှို့ပြီး လုယက်၊ ဘုန်းကြီး ၁ ပါးနှင့် လူ ၁ ဦးကို ဖမ်းဆီး၊ မြောင်နှင့် ဝက်လက်တို့တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ
DVB
·
March 24, 2023

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ်၊ ညောင်ဇင်ကြီးရွာကို အကြမ်းဖက် စစ်တပ်နဲ့ ပျူစောထီး စုပေါင်းအင်အား ၁၅၀ လောက်က မတ် ၂၃ ရက် ညနေ ၄ နာရီခွဲလောက်မှာ အကြမ်းဖက် ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ - ကန့်ဘလူခရိုင်အဖွဲ့က ထုတ်ပြန် ပြောဆိုပါတယ်။

“အဲဒီစစ်ကြောင်းက မတ် ၂၂ ရက်နေ့တုန်းကလည်း ဆူးပုတ်ကုန်းရွာကို အကြမ်းဖက် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းမှာ မပြေးလွှားနိုင်တဲ့ သက်ကြီးရွယ်အိုတွေဆီက ပိုက်ဆံ ၈ သိန်းရယ်၊ လက်ကိုင်ဖုန်းနဲ့ နားကပ်ပါမကျန် ဓားပြတိုက်ယူသွားတယ်။ ဘုန်းကြီးကျောင်းဝင်းထဲမှာထားတဲ့ ပြည်သူပိုင် ဆိုင်ကယ်တွေရယ်၊ နွားအကောင် ၄၀ ကျော် ခိုးယူသယ်ဆောင်သွားကြတယ်” လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။

အဆိုပါစစ်ကြောင်းဟာ ယောရွာနဲ့ လယ်လှပျူရွာဘက်ကို တပ်ပြန်ဆုတ်သွားပြီးနောက် ညောင်ဇင်လေးရွာမှာ အထိုင်ချထားတဲ့ ပျူစစ်ကြောင်းနဲ့ပေါင်းပြီး ညောင်ဇင်ကြီးရွာကို အကြမ်းဖက် ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ကာ ဘုန်းကြီး ၁ ပါးနဲ့ အသက် ၂၀ အရွယ် စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသား ၁ ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

စစ်တပ်နဲ့ ပျူစောထီးတွေ စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ဆူးပုတ်ကုန်း၊ ဗိုလ်ကုန်း၊ ဗိုလ်တဲကုန်း၊ မကုန်း၊ ညောင်ဇင်ကြီး၊ ပေလည်ရွာနဲ့ သရက်ခေါင်းရွာ‌တွေက အပြစ်မဲ့ပြည်သူ ၁၀,၀၀၀ ဝန်းကျင် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး ပျက်စီးဆုံးရှုံးတဲ့စာရင်းကို ဆက်လက်စုံစမ်းနေတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ - ကန့်ဘလူခရိုင်က ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဇရပ်ကုန်းကျေးရွာအနီးမှာလည်း မတ်လ ၂၃ ရက် မနက် ၈ နာရီလောက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြောင်ဒေသခံကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တွေဆီကနေ သိရပါတယ်။

အဆိုပါစစ်ကြောင်းဟာ မတ်လ ၁၃ ရက်ကစတင်ပြီး ‌အင်အား ၁၅၀ နဲ့ နမခစစ်တပ်ကနေ မြောင်မြို့နယ်အတွင်း စစ်ကြောင်းထိုးခဲ့တာဖြစ်ပြီး ဒေသခံ ပြည်သူ့ကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

“သူတို့ကတော့ မတ်လ ၁၃ ရက်နေ့ကနေ ကျနော်တို့ မြောင်မြို့အတွင်း စစ်ကြောင်း စထိုးလာတယ်။ ၁၅ ရက်နေ့မှာ ကျနော်တို့အဖွဲ့တွေနဲ့ ပထမအကြိမ် တိုက်ပွဲဖြစ်တယ်။ အဲ့တိုက်ပွဲမှာ စခ ၈ ကောင်ကျတယ်။ ၁၆ ရက်နေ့မှာ ထပ်မံတိုက်ပွဲဖြစ်တယ်။ အဲ့အကြိမ်မှာ ၉ ကောင်ကျတယ်။ နောက်ထပ် ၂၁ ရက်နေ့မှာကတော့ တိုက်ပွဲ ၂ နာရီလောက်ဖြစ်တယ်။ စခတွေဘက်က စစ်ကြောင်းမှူး အပါအဝင် ၁၉ ကောင်ကျတယ်။ ကျနော်တို့ ပြည်သူ့ကာကွယ်ရေးဘက်က ၁ ဦး မတ်လ ၁၃ ရက်နေ့က ဖမ်းဆီးသတ်ခံရပြီး ၁၅ ရက်နေ့မှာ ရဲဘော် ၂ ဦး လက်နက်ကျည်အပိုင်းအစ ထိခိုက်ခဲ့တာ ရှိခဲ့တယ်။ အရပ်သား ၃ ဦးကိုလည်း ဒီစစ်ကြောင်းက သတ်ဖြတ်ခဲ့တာတွေလည်း လုပ်ခဲ့သေးတယ်။ ဒီနေ့မနက်ခင်းလည်း ဇရပ်ကုန်းရွာအနီးမှာ တိုက်ပွဲဖြစ်ပွားနေသေးတယ်။ လတ်တလော အကျအဆုံးကတော့ တိုက်ပွဲမပြီးသေးတော့ အတည်ပြုလို့မရသေးဘူး” လို့ CDSOM အဖွဲ့ တာဝန်ရှိသူ ကိုနွေဦးက ဒီဗွီဘီကို အတည်ပြု ပြောပါတယ်။

စစ်ကောင်စီက မြောင်မြို့နယ်အတွင်း စစ်ကြောင်းထိုးပြီး ကျဆုံးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းတွေကို ဒေသခံပြည်သူ့အိမ်တွေနဲ့အတူ မီးရှို့ အလောင်းဖျောက်ခဲ့တာတွေ ရှိခဲ့သလို ဒီနေ့ မတ်လ ၂၃ ရက်နေ့မှာ ဇရပ်ကုန်းရွာအတွင်း တပ်ကြပ်အဆင့်ရှိသူတဦးကို မြေမြှုပ်သင်္ဂြိုဟ်ခဲ့ပြီး အဆိုပါစစ်ကောင်စီအလောင်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဒီနေ့မနက် ၈ နာရီက ပြန်လည်တွေ့ရှိခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးခေါင်းဆောင်တွေက ပြောပါတယ်။

အဆိုပါ သေဆုံးတဲ့ စစ်ကောင်စီစစ်သားဟာ ကိုယ်ပိုင်အမှတ် ၈၈၃၇ တပ်ကြပ်ကြီးမြင့်ကျော်ဖြစ်ပြီး မတ်လ ၂၁ ရက်နေ့မှာ ကျဆုံးခဲ့ကာ အလောင်းကို သရက်သာကျေးရွာအတွင်းမှာ မြေမြှုပ်ထားခဲ့တာကို ဒေသခံကာကွယ်ရေးအဖွဲ့တွေက တွေ့ရှိခဲ့တာဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တွေကတော့ အဆိုပါစစ်ကောင်စီစစ်ကြောင်းမှာ အင်အား ၆၀ ခန့်သာ လတ်တလော ကျန်ရှိနေပြီး စစ်ကြောင်းမှူးပါ သေဆုံးတယ်လို့ ပြောဆိုနေကြပေမဲ့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း စစ်ကိုင်း၊ မကွေး စတဲ့ တိုင်းအတွင်းက ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီအကျအဆုံးစာရင်းကို ထုတ်ပြန်လေ့မရှိဘဲ သတင်းအမှောင်ချထားပါတယ်။

အလားတူ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်း ပျူကျေးရွာကို မတ်လ ၂၂ ရက် ည ၁၀ နာရီကျော်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးခေါင်းဆောင်တွေဆီကနေ သိရပါတယ်။

အခုလို ဇီးဖြူကုန်းပျူရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့ အဖွဲ့တွေကတော့ မြန်မာ့တော်ဝင်နဂါးတပ်မတော်၊ မြင်းခြံခရိုင်တပ်ရင်း-၁၊ မြင်းခြံခရိုင်တပ်ရင်း- ၃ တို့ ဖြစ်တယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

“ပျူရွာကို ညကပစ်ခတ်တာ ဟုတ်ပါတယ်ဗျ။ ဒီပျူ(--)ရွာကို ကျနော်တို့ မတ်လ ၂၁ ရက်နေ့ကလည်း ရွာထဲအထိ ဝင်ရောက်ပစ်ခတ်ခဲ့သေးတယ်။ သူတို့ဘက်က အကျအဆုံးများပြီး နမခကနေ Mi35 နဲ့ လာပစ်ကူပေးခဲ့ရတယ်။ အဲလို သူတို့ဘက်က လာပစ်ကူလို့ ကျနော်တို့ဘက်က ရဲဘော် ၄ ဦး ကျဆုံးခဲ့ရပြီး ရဲဘော် ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရတယ်။ အဲဒီဒဏ်ရာရတဲ့အထဲက ရဲဘော်တဦးလည်း ညပိုင်းကပဲ ဆေးကုသပေးနေရင်း သေဆုံးရတာလည်း ရှိခဲ့တယ်။ ကျနော်တို့ အဲလို ကျနော်တို့ရဲဘော်တွေ ကျဆုံးရလို့ မနေ့ညက မကျေနပ်ပွဲ သွားပြီးပစ်ခတ်ခဲ့တယ်။ ပျူ ၃ ဦး ကျဆုံးတယ်။ မတ်လ ၂၁ ရက်နေ့ တိုက်ပွဲကလည်း ပျူနဲ့ စခ ၄၃ ယောက်အထိ ကျတယ်လို့ ဖရဲသီးဆီကနေ ပြန်ပြီး သတင်းရထားတယ်” လို့ MRDA မြန်မာ့တော်ဝင်နဂါးတပ်မတော် တာဝန်ရှိသူ ဗိုလ်နဂါးက ပြောပါတယ်။

အခုလို စစ်ကိုင်းတိုင်းအတွင်းက ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ နေ့စဉ် တိုက်ပွဲဖြစ်ပွားနေပြီး တော်လှန်ရေးအချိန် ကြာမြင့်လာတာနဲ့အမျှ ဒေသခံ ကာကွယ်ရေးအဖွဲ့ဝင်တွေအနေနဲ့ ကျည်နဲ့ ယမ်းဝယ်ယူရာမှာ ငွေကြေးလိုအပ်ချက်တွေ ရှိလာတယ်လို့လည်း စစ်ကိုင်းတိုင်းအတွင်းက တော်လှန်ရေးခေါင်းဆောင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်ထဲက မီးသတ်ရုံးမှာ ကင်းပုန်းဝပ်နေတဲ့ ပျူစောထီးတပ်ဖွဲ့ဝင်တွေကို မတ်လ ၂၃ ​ရက်မှာ Eagle Guerrilla Force က အတွင်းသတင်းပေးချက်အရ ဒရုန်းနဲ့ သွားရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ပျူစောထီး တပ်ဖွဲ့ဝင်တဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပျူစောထီးအင်အား ၇ ယောက်လောက်ပါတဲ့ တပ်ဖွဲ့က လှတောအထွက် မီးသတ်ရုံးမှာ ကင်းပုန်းဝပ်တယ်ဆိုပြီး ထန်းရည်သောက်ကာ ပြည်သူတွေကို ငွေညှစ်နေတယ်လို့ အတွင်းပေးချက်အရ မတ်လ ၂၃ ရက် မနက် ၉ နာရီ ၃၅ မိနစ်လောက်မှာ ဒရုန်းနှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ Eagle Guerrilla Force မှ တာဝန်ရှိသူတဦးက အတည်ပြု ပြောပါတယ်။

“မနေ့ကမနက်ပိုင်းက ပျူစောထီးတဖွဲ့ ထန်းရည်သောက် ပြည်သူတွေကို ငွေညှစ်နေတယ်လို့ ဝက်လက်ရဲစခန်းက ဖရဲသီးက သတင်းပေးတာပါ။ အဲ့ဒါနဲ့ ကျနော်တို့ ဒရုန်းနဲ့ သွားဗုံးကြဲတာ၊ ကျနော်တို့ ဒရုန်းကို လိုက်ပစ်တာမျိုးတော့ရှိတယ်။ လောလောဆယ်တော့ ရွာတွေဘက်ကို စစ်ကြောင်းထိုးတာမျိုး မလုပ်သေးဘူး။”

အဆိုပါတိုက်ခိုက်မှုတွေအပြီးမှာ ပျူစောထီးတပ်တွေဘက်က လိပ်ပု (ခ) ဇင်မျိုးဆိုသူ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရတယ်လို့ အတွင်းသတင်းပေးပို့ချက်အရ အတည်ပြုနိုင်ခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးတာနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာ မရှိတဲ့အပြင် ဆက်သွယ်မေးမြန်းရင်လ​ည်း ပြန်လည်ဖြေကြားခြင်းမရှိတဲ့အတွက် ဒီဗွီဘီအနေနဲ့ အတည်ပြုနိုင်ခြင်း မရှိပါဘူး။

အဲဒီ ဒရုန်းနဲ့ ဗုံးကြဲတဲ့ စစ်ဆင်ရေးကို Eagle Guerrilla Force တပ်ခွဲ-၁ က ပြုလုပ်ခဲ့တာဖြစ်ပြီး ၉၀ မမနဲ့ ဒရုန်း​ဗုံးသီးတွေ ဆက်လက်ထုတ်လုပ်နေကာ ငွေကြေးနဲ့ အထောက်အပံ့တွေ လိုအပ်နေတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024