Friday, June 9, 2023
HomeLead Storyထိုင်ဝမ်သမ္မတ၏ခရီးစဉ်ကို တုံ့ပြန်ရန် တရုတ်တွင် အကြောင်းပြချက်မရှိဟု အမေရိကန် ပြော

ထိုင်ဝမ်သမ္မတ၏ခရီးစဉ်ကို တုံ့ပြန်ရန် တရုတ်တွင် အကြောင်းပြချက်မရှိဟု အမေရိကန် ပြော

ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်ရဲ့ အမေရိကန်ခရီးစဉ်ကို တုံ့ပြန်ဖို့ တရုတ်အနေနဲ့ အကြောင်းပြချက်မရှိဟု အမေရိကန်သမ္မတ အိမ်ဖြူတော်က မတ်လ ၂၁ ရက်မှာ ပြောလိုက်ပါတယ်။

ဆိုင်အင်းဝမ်ဟာ အလယ်အမေရိကဒေသဆီ အသွားအပြန်ခရီးစဉ်အတွင်း အမေရိကန်မှာ ခရီးတထောက် ဝင်ရောက်ရပ်နားမှာဖြစ်ပြီး ဒီခရီးစဉ်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ လွန်လွန်ကျူးကျူးတုံ့ပြန်ဖို့ တရုတ်မှာ အကြောင်းပြချက်မရှိဘူး၊ တုံ့ပြန်ဖို့ သူတို့အတွက်လည်း အကြောင်းပြချက်မရှိဘူးလို့ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ကာဘီက ပြောပါတယ်။

ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်ဟာ အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ ကီဗင်မက်ကာသီနဲ့ တွေ့ဆုံမယ့် အစည်းအဝေးကို ထိုင်ဝမ်အစိုးရက အတည်မပြုရသေးပါဘူး။

တခြားနိုင်ငံအများစုလိုပဲ အမေရိကန်ဟာ ထိုင်ဝမ်နဲ့ တရားဝင် သံတမန်ဆက်ဆံရေး မရှိသေးပေမဲ့ အမေရိကန်ဟာ ထိုင်ဝမ်အတွက် အရေးအကြီးဆုံး နိုင်ငံခြား ကျောထောက်နောက်ခံဖြစ်သလို လက်နက်ပံ့ပိုးသူလည်း ဖြစ်ပါတယ်။

ဆိုင်အင်းဝမ်ဟာ မတ်လ ၂၉ ရက်မှာ တိုင်ပေမြို့တော်ကနေ လေယာဉ်နဲ့ထွက်လာပြီး ဂွါတီမာလာနဲ့ ဘေလိုက်ဇ်နိုင်ငံတွေဆီ သွားမှာပါ။

ခရီးစဉ်ရဲ့ အစိတ်အပိုင်းအဖြစ် နယူးယောက်နဲ့ လော့စ်အိန်ဂျလိစ်မြို့တွေမှာ ခရီးတထောက်နားမှာ ဖြစ်ပါတယ်။ အဲဒီနောက် ဧပြီ ၇ ရက်မှာ ထိုင်ဝမ်ကို ပြန်လာမယ်လို့ သမ္မတရုံးပြောခွင့်ရ လင်ယုချန်က သတင်းထောက်တွေကို ပြောပါတယ်။

ကယ်လီဖိုးနီးယား ခရီးစဉ်အတွင်း မက်ကာသီဟာ ဆိုင်အင်းဝမ်နဲ့တွေ့ဖို့ ရည်ရွယ်ထားတယ်လို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ရိုက်တာသတင်းမှာ ရေးပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular