
တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ဖြစ်တဲ့ “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ အမျိုးသား ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ကိုယ်စားလှယ်အဖွဲ့တွေမှာ မတ်လ ၂၂ ရက်က နေပြည်တော်မှာ စစ်ကောင်စီလက်အောက်ခံ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ တွေ့ဆုံပြီး ရွေးကောက်ပွဲ ကျင်းပရေးကိစ္စ၊ ငြိမ်းချမ်းရေးညီလာခံ ကျင်းပရေးကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။
ဆွေးနွေးပွဲကို မနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာနမှာ ကျင်းပရာမှာ UWSP ဒုဥက္ကဋ္ဌ ဦးလော့ယာကု၊ NDAA ဒုဥက္ကဋ္ဌ ဦးစန်ပေ့၊ SSPP ဗဟိုကော်မတီဝင် စဝ်ဆေပိုင်ဖနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ်တွေ တက်ရောက်ကြပြီး စစ်ကောင်စီဘက်က ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီးရာပြည့်နဲ့အဖွဲ့ တက်ရောက်ဆွေးနွေးတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပါတယ်။
ဆွေးနွေးပွဲမှာ ဒေသဖွံ့ဖြိုးရေးကိစ္စ၊ ဒေသတည်ငြိမ်ရေးကိစ္စ၊ ရွေးကောက်ပွဲ ကျင်းပရေးကိစ္စ၊ ငြိမ်းချမ်းရေးညီလာခံကျင်းပရေးကိစ္စနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေရဲ့ အခြေခံကျတဲ့ ပုဒ်မတွေ ပြင်ဆင်နိုင်ရေး ဆွေးနွေး ညှိနှိုင်းခဲ့ကြတယ်လို့ဆိုပါတယ်။
ဆွေးနွေးပွဲ ဒုတိယနေ့ကို မတ် ၂၃ ရက်ဒီနေ့ ဆက်လက်ကျင်းပနေပြီး နှစ်ဖက်ဆွေးနွေးချက်တွေအရ သဘောတူညီချက်တွေကို လက်မှတ် ရေးထိုးကြဖို့ ရှိနေတယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
အာဏာသိမ်း စစ်ကောင်စီဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဆယ်စုနှစ်တွေနဲ့ချီ တိုက်ပွဲတွေ ဖြစ်ပွားတာ မရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကလက်ခံပြီး နေပြည်တော်ကို အကြိမ်ကြိမ်သွားရောက်တာ ဖြစ်ပြီး သိသာထင်ရှားတဲ့ ရလဒ်တွေကတော့ တခုမှ ရရှိတာ မရှိသေးပါဘူး။
လက်ရှိ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေပြင်းထန်ဖြစ်ပွားနေတဲ့ ကရင်၊ ကရင်နီ၊ ကချင်၊ ချင်း၊ စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကတော့ စစ်ကောင်စီကို အသိအမှတ်မပြုသလို စစ်ခေါင်းဆောင် ဖိတ်ခေါ်တဲ့ ဆွေးနွေးပွဲတွေကိုလည်း လက်မခံပဲ ပယ်ချထားပါတယ်။