Sunday, June 11, 2023
HomeLead Storyအိန္ဒိယကို (၁-၀) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်း မြန်မာအသင်း၏ စွမ်းဆောင်ရည်ကို ကျေနပ်အားရဟု နည်းပြပြော

အိန္ဒိယကို (၁-၀) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်း မြန်မာအသင်း၏ စွမ်းဆောင်ရည်ကို ကျေနပ်အားရဟု နည်းပြပြော

မြန်မာ့လက်ရွေးစင်အသင်းဟာ အိန္ဒိယအသင်းကိုရှုံးနိမ့်ခဲ့ပေမဲ့  အသင်းရဲ့ စွမ်းဆောင်မှုကို ကျေနပ်အားရမိပါတယ်လို့ မြန်မာအသင်း နည်းပြချုပ် မိုက်ကယ်က ပြောကြားလိုက်ပါတယ်။

မြန်မာ့လက်ရွေးစင် အသင်းဟာ  Hero Tri-Nation ၂၀၂၃ သုံးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲပထမပွဲစဉ်အဖြစ်    အိမ်ရှင် အိန္ဒိယအသင်းနဲ့  မတ်လ ၂၂ ရက် ည ၇ နာရီက အင်ဖာမြို့ရှိ ခူမန်လမ်ပတ်ခ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ရာမှာ  (၁-၀)ဂိုးနဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

မြန်မာနည်းပြမိုက်ကယ်က “ဒီနေ့ပွဲက ကျနော်တို့အတွက် ပထမဆုံးပွဲ ဖြစ်ပေမဲ့ အသင်းရဲ့ စွမ်းဆောင်မှုကိုတော့ ကျေနပ်အားရမိပါတယ်။ ရလဒ်ကတော့ ကျနော်တို့အတွက် မဖြစ်ခဲ့ပါဘူး။ ပွဲပြီးသွားတဲ့ အချိန်မှာ ခံစားမှုက ကျနော့်အတွက် မြန်မာအသင်း နည်းပြဖြစ်ရတာ ဝမ်းသာ ကျေနပ်မိသလိုပါပဲ။ ဒီအသင်းကို တဆင့်ချင်း ကြိုးပမ်းသွားမယ်ဆိုရင် အနာဂတ်မှာ အောင်မြင်ဖို့ အလားအလာ အများကြီးမြင်နေရလို့ပါ။ ကောင်းတဲ့အချက်တွေ အသင်းမှာရှိနေပါတယ်။ ဒီနေ့ကတော့ နောက်မှာလည်း အမှားလုပ်ခဲ့သလို ရှေ့မှာလည်း အမှားတွေရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း ကျနော်တို့ ဂိုးရဖို့ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့တာလည်း ရှိတာပါပဲ။ တစ်ပွဲလုံးကို ခြုံငုံသုံးသပ်ရမယ်ဆိုရင်တော့ ကျနော်တို့အသင်း စွမ်းဆောင်မှုက အချိန်တိုတွင်းမှာ ကျေနပ်အားရစရာပါ။ အိန္ဒိယ အသင်းအားသာချက် အားနည်းချက်ကိုတော့ မပြောလိုပါဘူး။ ဒါသူတို့အသင်း နည်းပြနဲ့သာ သက်ဆိုင်ပါတယ်။ ကျနော်ပြောနိုင်တာကတော့ အိန္ဒိယအသင်း နိုင်ပွဲအတွက် ဂုဏ်ပြုပါတယ်။ ပြီးတော့ ပရိသတ်တွေနဲ့ ပွဲစီစဉ်သူတွေနဲ့ ပတ်ဝန်းကျင်တစ်ခုလုံး အားရစရာဖြစ်ပြီးတော့ ပွဲကလည်း တကယ်ကို ဖျော်ဖြေမှု အပြည့်နဲ့ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်”လို့  ပွဲအပြီးမှာ မီဒီယာတွေကို ပြောပါတယ်။

မြန်မာအသင်းမှာ အောင်သူ၊ မောင်မောင်လွင်၊ သန်းပိုင်၊ အောင်ကောင်းမာန်၊ လွင်မိုးအောင်စတဲ့ ထိုင်းကလပ်အသင်းတွေမှာ ကစားနေတဲ့ ဘောလုံးသမားတွေနဲ့ ပြည်တွင်းမြန်မာနေရှင်နယ်လ်လိဂ်မှာ ခြေစွမ်းပြနေတဲ့ ကစားသမားတွေ ပါဝင်ကစားခဲ့တာ ဖြစ်ပါတယ်။

မနေ့ညက ကန်သွားတဲ့ပွဲစဉ်မှာ ပထမပိုင်းပုံမှန်ပွဲချိန် ၄၅ မိနစ်အထိ တဖက်နဲ့ တဖက်ဂိုးမသွင်းနိုင်ခဲ့ကြဘဲ   ထပ်ဆောင်းအချိန်ပို တစ်မိနစ်မှာ  အိန္ဒိယ အသင်းက ကျောနံပါတ်(၇) အသာဖာကက မြန်မာနောက်ခံလူတေ ဖျက်ထုတ်ရာမှ ပြန်ထွက်လာတဲ့ ဘောလုံးကို အနီးကပ် ပိတ်သွင်းယူခဲ့လို့ အိန္ဒိယအသင်းက ပထမပိုင်းမှာ   ၁ ဂိုးအသာနဲ့ ဦးဆောင်နေခဲ့ပါတယ်။ 

ဒုတိယပိုင်းမှာ မြန်မာအသင်း ချေပဂိုးရဖို့ အခွင့်အရေးတွေရခဲ့ပေမဲ့ ဂိုးဝင်အောင် မသွင်းနိုင်ခဲ့လို့ ရှုံးနိမ့်ခဲ့ရပါတယ်။

မြန်မာအသင်းဟာ  ဒုတိယမြောက်ပွဲစဉ်အဖြစ် ကာဂျစ္စတန် အသင်းနဲ့ မတ်လ ၂၅ ရက်၊ ည ၇ နာရီမှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

PHOTO-MFF

RELATED ARTICLES
- Advertisment -
Google search engine

Most Popular