Sunday, June 11, 2023
HomeLead Story“မပြီး​သေးဘူး ငါတို့အလှည့်ကျန်​သေးတယ်” တော်လှန်ရေးရုပ်ရှင် နမူနာထွက်ရှိ

“မပြီး​သေးဘူး ငါတို့အလှည့်ကျန်​သေးတယ်” တော်လှန်ရေးရုပ်ရှင် နမူနာထွက်ရှိ

တော်လှန်ရေး ရုပ်ရှင်ဇာတ်လမ်းတိုတခုဖြစ်တဲ့ “မပြီး​သေးဘူး ငါတို့အလှည့်ကျန်​သေးတယ်” ရုပ်ရှင်ရဲ့ Official Trailer ထွက်ရှိလာပါတယ်။

ဒီကားကိုတော့ တော်လှန်အနုပညာရှင် စုံတွဲတတွဲဖြစ်တဲ့ ဒါရိုက်တာဏကြီးနဲ့ ပိုင်ဖြိုးသုတို့က ဖန်တီးရိုက်ကူး တင်ဆက်ထားကြတာ ဖြစ်ပါတယ်။

“‘သင်ပုန်း​ချေလိုက်ပါ… ပြီးခဲ့တာ​တွေ ပြီးသွားပြီမို့ ခွင့်လွှတ်လိုက်… မေ့လိုက်ပါ’ ဆိုပြီး လွယ်လင့်တကူ ​လျှောချလိုက်လို့ မရပါဘူး။ နစ်နာခဲ့သူ​တွေ၊ အသက်​ပေးခဲ့ရသူ​တွေ၊ ​ခြေလက်ဆုံးရှုံးသွားသူ​တွေ၊ ပျက်စီးသွားရတဲ့ ​ချွေးနည်းစာတွေ၊ ​လောင်ကျွမ်းပြာကျသွားတဲ့ အိုးအိမ်​တွေ၊ စည်းစိမ်ဥစ္စာ​တွေ၊ ဆုံးရှုံးလိုက်ရတဲ့ မိသားစုဝင်​တွေ၊ ​ပျောက်ဆုံးသွားခဲ့ရတဲ့ အနာဂတ်​တွေ၊ ​မျှော်လင့်ချက်​တွေ၊ အိပ်မက်​တွေအတွက် ဥပ​​ဒေအရ ထိထိ​ရောက်​ရောက် အ​ရေးယူနိုင်မှ ရပါမယ်။ လက်နက်အားကိုးပြီး ထင်ရာစိုင်း အဓမ္မပြုကျင့်သူ၊ အာဏာရူး​တွေအတွက် လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာ ​ဘောင်မဝင်ပါဘူး။ သမိုင်းအဆက်ဆက် ပြစ်ဒဏ်က လွတ်ကင်းခွင့်ရခဲ့တဲ့ လူ့အန္ဓ​တွေရဲ့ ‘မိုက်လို့လုပ်တာကွာ… ဘာဖြစ်လဲ၊ ပွဲပြီးသွားရင်လည်း ငါတို့က အ​ခြေပျက်စရာအ​ကြောင်းမရှိဘူး’ ဆိုတဲ့ စိတ်ဓာတ်​တွေကို အပြီးအပိုင် ချုပ်ငြိမ်း​သွားအောင် နိုင်ငံတကာခုံရုံးက​နေ တရားစီရင်နိုင်ခွင့်ရဖို့ ကျ​နော်တို့ မဆုတ်မနစ် ဆက်ပြီး ကြိုးစားကြရပါမယ်။”

“မပြီး​သေးဘူး ငါတို့အလှည့်ကျန်​သေးတယ်” ရုပ်ရှင်ဇာတ်လမ်းတိုထဲမှာတော့ သရုပ်ဆောင် အောင်မြင့်မြတ်၊ ပိုင်ဖြိုးသုနဲ့ ကောင်းကောင်း (ကျီးကန်း) တို့က ခေါင်းဆောင်ပါဝင်ထားကြပြီး ကမ္ဘာအနှံ့ နိုင်ငံအသီးသီးက မြို့ကြီးအများအပြားမှာ ပြသဖို့ စီစဥ်ထားတာမို့ မကြာခင်မှာပဲ ကြည့်ရှုနိုင်တော့မှာ ဖြစ်ပါတယ်။

ဒါရိုက်တာဏကြီးဟာ ဒီမတိုင်ခင် ပြီးခဲ့တဲ့နှစ်တုန်းကလည်း “နိုင်ငံပျောက်သူ” ရုပ်ရှင်ဇာတ်လမ်းတိုကို သရုပ်ဆောင်မင်းသား ဒေါင်း၊ ပိုင်ဖြိုးသုတို့နဲ့အတူ ရိုက်ကူးပုံဖော်ခဲ့ပြီး တော်လှန်ရေးအတွက် တဖက်တလမ်းကနေ ရန်ပုံငွေရှာဖွေပေးခဲ့ပါသေးတယ်။

မြန်မာနိုင်ငံမှာတော့ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ကြတဲ့ နာမည်ကျော် အနုပညာရှင်တွေကို ဖမ်းဝရမ်းထုတ် ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့ရာမှာ ဒါရိုက်တာဏကြီး၊ သရုပ်ဆောင် ပိုင်ဖြိုးသုတို့ အပါအဝင် အနုပညာရှင်များစွာ ပါဝင်နေခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။

အဲဒီထဲမှာ တချို့အနုပညာရှင်တွေကတော့ အကြမ်းဖက်စစ်အုပ်စုရဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကာ ပြီးခဲ့တဲ့ ၂၀၂၁ ဒီဇင်ဘာ ၃၀ ရက်မှာ အင်းစိန်ထောင်တွင်း အထူးတရားရုံးက ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ လူမင်း၊ ရဲတိုက်၊ ပိုင်တံခွန်၊ ပိုပို၊ စောဖိုးခွား၊ ဝင်းမင်းသန်းတို့ကို ထောင်ဒဏ် ၃ နှစ်စီ ကျခံစေဖို့ ပြစ်ဒဏ်အသီးသီး ချမှတ်ခဲ့တာပါ။

လတ်တလော လွတ်မြောက်လာသူတွေထဲမှာတော့ ထင်ရှားတဲ့ အဆိုတော် စောဖိုးခွားနဲ့ သရုပ်ဆောင် ရဲတိုက်တို့ ပါဝင်လာခြင်း မရှိသေးပါဘူး။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular