Friday, June 9, 2023
HomeLead Storyရေစကြိုတွင် စစ်တပ်ပစ်ခတ်သဖြင့် ဒေသခံ ၂ ဦး ဒဏ်ရာရပြီး ၂ ဦး ဖမ်းဆီးခံရ၊ ပခုက္ကူ၌ စစ်ကောင်စီတပ် ဒရုန်းဖြင့်...

ရေစကြိုတွင် စစ်တပ်ပစ်ခတ်သဖြင့် ဒေသခံ ၂ ဦး ဒဏ်ရာရပြီး ၂ ဦး ဖမ်းဆီးခံရ၊ ပခုက္ကူ၌ စစ်ကောင်စီတပ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ မတ်လ ၂၁ ရက် မနက်ပိုင်းက ဒေသခံပြည်သူ ၂ ယောက်ကို စစ်ကောင်စီစစ်ကြောင်းက သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ ၂ ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ရေစကြိုမြို့နယ်၊ ထန်းဆယ်ပင်ကျေးရွာကို ဒီနေ့ မတ်လ ၂၁ ရက် မနက် ၅ နာရီလောက်မှာ စစ်ကောင်စီဘက်က အင်အား ၇၀ လောက်နဲ့ စစ်ကြောင်းထိုးလာလို့ ထွက်ပြေးတဲ့အချိန်မှာ သေနတ်နဲ့ ပစ်ခတ်လိုက်လို့ ကိုသိန်းဇော်ရဲ့ နားထင်မှာ ဒဏ်ရာရရှိကာ ကိုရဲအောင်ရဲ့ နှာခေါင်း ဟိုဘက်ဒီဘက် ပေါက်ထွက်သွားတယ်လို့ ထန်းဆယ်ပင်ကျေးရွာ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

ဒဏ်ရာရရှိခဲ့တဲ့သူ ၂ ယောက်အနက် ကိုသိန်းဇော်က အသက်အန္တရာယ်စိုးရိမ်ရတာကြောင့် မန္တလေးပြည်သူ့ဆေးရုံကြီးမှာ အရေးပေါ် ဆေးဝါးကုသမှု ခံယူနေရပြီး နောက်ဆက်တွဲ အခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စစ်ကြောင်းက ကိုမာတောက်၊ ကိုဌေးညွန့်၊ ကိုမြင့်လှိုင်တို့ ၃ ယောက်ကို ဖမ်းဆီးခဲ့ကာ ကိုဌေးညွန့်ကတော့ ပြန်လွတ်လာပြီး နောက် ၂ ယောက်ကို ဖမ်းခေါ်သွားကြတယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာလို့ အိမ်ခြေ ၃၅၀ လောက်ရှိတဲ့ ထန်းဆယ်ပင်ရွာနဲ့ အနီးနားပတ်ဝန်းကျင်က ထန်းချောင်းရွာက ဒေသခံပြည်သူတွေ ဘေးလွတ်ရာ တောတောင်တွေနဲ့ နီးစပ်ရာဆွေမျိုးတွေဆီကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

တောတောင်ထဲတွေမှာ အမိုးအကာမရှိဘဲ သစ်ပင်အောက်တွေမှာ အပူဒဏ်ကိုအံတုပြီး ဖြစ်သလိုနေထိုင်ကြရကာ စားနပ်ရိက္ခာ အလုံအလောက် ပါမလာတာကြောင့် အခက်အခဲတွေ ကြုံတွေ့နေကြရပြီး ဆွေမျိုးနီးစပ်တွေဆီမှာ ခိုလှုံတဲ့သူတွေကတော့ နည်းနည်းအဆင်ပြေတယ်လို့ ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ထန်းဆယ်ပင်ဘုန်းကြီးကျောင်းမှာ တပ်စွဲထားပြီး ရွာထဲကနေအိမ်တွေကို မွှေနှောက်ကာ ပြည်သူတွေရဲ့ အဖိုးတန်လက်ဝတ်ရတနာတွေနဲ့ ငွေကြေးတွေကို ခိုးယူပြီး အိမ်မွေးတိရစ္ဆာန်တွေကိုလည်း စိတ်ကြိုက် သတ်ဖြတ်စားသောက်ခဲ့ကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ မတ်လ ၂၁ ရက် ဒီနေ့လယ်ပိုင်းက စစ်ကောင်စီတပ်သားတွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ Royal Defence Force ကနေ သိရပါတယ်။

ပခုက္ကူ-မြိုင်ကားလမ်းပေါ်က အင်ပင်ကျေးရွာမှာ တပ်စွဲပြီး ခရီးသွားပြည်သူတွေဆီကနေ ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ဒီနေ့ မတ်လ ၂၁ ရက် နေ့လယ် ၁၂ နာရီလောက်မှာ ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ RDF ရဲ့ တာဝန်ခံ ဗိုလ်ဘခက်က ဒီဗွီဘီကို ပြောပါတယ်။

ဗုံးသီးတွေက စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့နေရာကို တည့်တည့်ကျရောက် ပေါက်ကွဲလို့ ကစဉ့်ကလျား ထွက်ပြေးကြပြီး ထိခိုက်သေဆုံးသူ ရှိနိုင်ပေမဲ့ အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။

“အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ကြောက်အားလန့်အားနဲ့ သေနတ်တွေ ရမ်းကား ပစ်ဖောက်ပေမဲ့ ကျနော်တို့ဘက်ကရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်” လို့ ဗိုလ်ဘခက်က ပြောပါတယ်။

ပခုက္ကူမြို့နယ်မှာ မတ်လ ၉ ရက် ညနေပိုင်းကလည်း ဘုန်းကံရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီကင်းစခန်းကို RDF က တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၃ ယောက် သေဆုံးကာ ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular