Home
မြန်မာသတင်း
မော်လမြိုင်၌ စက်သုံးဆီအရောင်းဆိုင်အချို့ ဆီပြတ်လပ်နေ
DVB
·
March 21, 2023

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ စက်သုံးဆီအရောင်းတချို့မှာ စက်သုံးဆီပြတ်လပ်နေတယ်လို့ မြို့ခံတွေနဲ့ စက်သုံးဆီအရောင်းဆိုင် တာဝန်ရှိသူတွေက ဒီဗွီဘီကို ပြောပါတယ်။

စက်သုံးဆီအရောင်းဆိုင်တွေဟာ စစ်ကောင်စီ ညောင်ခါးရှည် စစ်ဆေးရေးဂိတ် ယာဉ်ကြောပိတ်ဆို့မှုနဲ့အတူ စက်သုံးဆီတွေ အချိန်မီရောက်မလာလို့ စက်သုံးဆီ ပြတ်လပ်နေတာပါ။

မြို့ပေါ် စက်သုံးဆီအရောင်းတချို့မှာ 92၊ 95 ဓာတ်ဆီတွေအပြင် ဒီဇယ်ဆီပါပြတ်လပ်နေပြီး မြို့အပြင်ဆိုင်တချို့မှာလည်း စက်သုံးဆီလက်ကျန် နည်းလာတာကြောင့် ခွဲတမ်းနဲ့သာ ရောင်းချပေးနေတာပါ။

“စက်သုံးဆီက မတ် ၂၀ ရက်နေ့ မနက်ပိုင်းက စပြတ်တာ၊ မြို့ထဲကဆိုင်တွေ ဆီပြတ်ကုန်ပြီ၊ အခုတော့ မြို့အပြင်ဆိုင်တွေမှာ အလုအယက်နဲ့ ဝယ်ယူတာတွေ ရှိတယ်” လို့ မြို့ခံတဦးက ပြောပါတယ်။

စက်သုံးဆီပြတ်လပ်မှုကြောင့် ကားတစီးကို ကျပ် ၃၀,၀၀၀ ကနေ ကျပ် ၅၀,၀၀၀ အထိသာ ခွဲတမ်းနဲ့ ရောင်းချပေးနေတယ်လို့ သိရပါတယ်။

စက်သုံးဆီအရောင်းဆိုင် တာဝန်ခံတဦးကတော့ စက်သုံးဆီပြတ်လပ်မှုဟာ စစ်ကောင်စီက စက်သုံးဆီတွေကို ခွဲတမ်းအလှည့်ကျစနစ်နဲ့ ရောင်းချပေးတာ၊ ညောင်းခါရှည် စစ်ဆေးရေးဂိတ်မှာ အချိန်ကြန့်ကြာတာတွေကြောင့်ဖြစ်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

မော်လမြိုင်မြို့ပေါ်မှာ စက်သုံးဆီအရောင်းဆိုင် ၁၅ ဆိုင်ထက်မနည်း ရှိပြီး လက်ရှိမှာတော့ စက်သုံးဆီအရောင်းဆိုင် ၁၀ ဆိုင်လောက်မှာ ဆီပြတ်လပ်နေတာပါ။

စက်သုံးဆီဆိုင်တွေမှာ ဆီပြတ်လပ်မယ့် အခြေအနေတွေ ဖြစ်ပေါ်ပါက အချိန်နဲ့တပြေးညီ တင်ပြဖို့နဲ့ ဆီပြတ်လပ်တဲ့ စက်သုံးဆီဆိုင်တွေကို အရေးယူသွားမယ်လို့ စစ်ကောင်စီက မတ်လ တတိယပတ်အတွင်း ထပ်မံထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024