DVB Logo
Home
မြန်မာသတင်း
ဒေါ်စောမြရာဇာလင်း ခေါင်းဆောင်ပြီး ALP ပါတီ ပြန်ဖွဲ့စည်းမှု တရားမဝင်ဟု ALP ကြေညာ
DVB
·
March 21, 2023
ဒေါ်စောမြရာဇာလင်း ခေါင်းဆောင်ပြီး ALP ပါတီ ပြန်ဖွဲ့စည်းမှု တရားမဝင်ဟု ALP ကြေညာ
Donate to DVB

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) မှာ ဒု-ဥက္ကဋ္ဌတာဝန်ယူထားတဲ့ ဒေါ်စောမြရာဇာလင်းဟာ ပါတီဥက္ကဋ္ဌအဖြစ်ခံယူပြီး ဗဟိုကော်မတီအသစ်တွေနဲ့ ALP ပါတီကို အသစ်ပြန် ဖွဲ့စည်းတာနဲ့ပတ်သက်လို့  လက်မခံကြောင်း ALP ပါတီအတွင်းရေးမှူး ဦးခိုင်ကျော်ခိုင်က မတ်လ ၂၀ ရက်မှာ လက်မှတ်ထိုးပြီး ထုတ်ပြန်ပါတယ်။

ဒေါ်စောမြရာဇာလင်းကို ALP ပါတီမှ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း၊ ပါတီနဲ့ လုံးဝသက်ဆိုင်မှုမရှိကြောင်းလည်း ပြောပါတယ်။ 

အဆိုပါ ထုတ်ပြန်ချက်ထဲမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်က ALP ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ခိုင်မင်းစိုးနဲ့ စစ်သည်နှစ်ဦးကို ဒေါ်စောမြရာဇာလင်းက စစ်ကောင်စီတပ်ကို ဖမ်းဆီးခိုင်းလိုက်ကြောင်း၊ အဲဒီဖြစ်ရပ်ကြောင့် ဒေါ်စောမြရာဇာလင်းကို စုံစမ်းစစ်ဆေးဖို့ ပါတီရဲ့ တရားစီရင်းရေးကော်မတီက ဒေါ်စောမြရာဇာလင်းရဲ့ တာဝန်တွေဖြစ်တဲ့ နိုင်ငံရေးဆွေးနွေးရေး ကော်မတီခေါင်းဆောင်တာဝန်နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ရှိ တာဝန်တွေကို ယာယီရပ်စဲခဲ့ပါတယ်။

ဒေါ်စောမြရာဇာလင်းဟာ ALP ပါတီ၊ တပ်မတော်ရဲ့အမည်၊ အမှတ်တံဆိပ်နဲ့ အောင်လံတော်တို့ကို ပါတီဥက္ကဋ္ဌ ခိုင်ရဲခိုင်နဲ့ ဗဟိုကော်မတီဝင်တွေကို အသိပေးခြင်းမရှိဘဲ ပါတီသစ်ထူထောင်တာဟာ စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်တာဖြစ်တဲ့အတွက် ဒေါ်စောမြရာဇာလင်းဟာ ALP ပါတီနဲ့ လုံးဝသက်ဆိုင်ခြင်း မရှိတော့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒေါ်စောမြရာဇာလင်းဘက်ကလည်း မတ်လ ၅ ရက်နေ့ ထုတ်ပြန်ချက်ထဲမှာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်က ရခိုင်ပြည်လွတ်မြောက်ရေးပါတီရဲ့ သစ်လွင်သော နိုင်ငံရေးဦးဆောင်အဖွဲ့ကို ဖွဲ့စည်းပြီးနောက် ဗဟိုခေါင်းဆောင်အများစုရဲ့ ဆန္ဒအရ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ငြိမ်းချမ်းရေးလမ်းစဉ်အတိုင်း ဆက်လျှောက်ခဲ့ကြပေမဲ့ ဥက္ကဋ္ဌ ခိုင်ရဲခိုင် သွားလိုတဲ့လမ်းကြောင်းနဲ့ ဒေါ်စောမြရာဇာလင်း သွားလိုတဲ့လမ်းကြောင်း မတူညီတဲ့အတွက် ဥက္ကဋ္ဌကြီး ကိုယ်ယုံကြည်ရာ လမ်းကြောင်းအတိုင်း လျှောက်လှမ်းနိုင်စေဖို့နဲ့ မိမိတို့ အနေနဲ့လည်း ယုံကြည်ရာ ငြိမ်းချမ်းရေးလမ်းကြောင်းကတဆင့် ရခိုင်ပြည်နဲ့ ရခိုင်လူထု အကျိုးအတွက် ရည်ရွယ်ချက်တူသူတွေနဲ့ ပါတီကို အသစ်ပြန်လည်ဖွဲ့စည်းထူထောင်တာ ဖြစ်ကြောင်း ထုတ်ပြန်ထားတာပါ။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ကို ၁၉၆၇ ခု၊ ဧပြီ ၉ ရက်က ရခိုင်ပြည်လွတ်မြောက်ရေးအတွက် ဥက္ကဋ္ဌ ခိုင်ပြည်သိမ်း ဦးဆောင်မှုနဲ့ စတင်ဖွဲ့စည်းခဲ့ပါတယ်။

မြန်မာစစ်တပ်ရဲ့ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူတွေက ဥက္ကဋ္ဌ ခိုင်မိုးလင်း ဦးဆောင်ကာ ၁၉၇၄ ခုနှစ်မှာ ဒုတိယအကြိမ် ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။

၁၉၇၆ ခုနှစ်မှာ ဥက္ကဋ္ဌ ခိုင်မိုးလင်း ဦးဆောင်ပြီး  ကရင်ပြည်မှ ရခိုင်ပြည်သို့  ALP သမိုင်းဝင် မိုးလင်းရာဇာ စစ်ကြောင်းချီတက်ခဲ့ရာမှာ စစ်ကြောင်းတလျှောက် မြန်မာစစ်တပ်က သာလွန်အင်အားနဲ့ တိုက်ခိုက်ချေမှုန်းလို့ စစ်ရေးအရေးနိမ့်ခဲ့ကာ ဥက္ကဋ္ဌ ခိုင်မိုးလင်း ကျဆုံးခဲ့ရသလို ခေါင်းဆောင်တချို့နဲ့ စစ်သည်တွေလည်း ဖမ်းဆီးခံခဲ့ရပါတယ်။

၁၉၈၁ ခုနှစ်မှာ ဥက္ကဋ္ဌ ခိုင်ရဲခိုင် ထောင်မှလွတ်လာပြီး တတိယအကြိမ် ပါတီပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။ တတိယအကြိမ် ဖွဲ့စည်းပြီးချိန်ကစလို့ အခုအထိ ပါတီ ဗဟိုဌာနချုပ်ကို ရခိုင်-အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံနယ်စပ် တြိဂံနယ်မြေမှာ အခြေစိုက် ဖွင့်လှစ်ထားပါတယ်။

၂၀၁၇ ခုနှစ်ကစလို့ ပါတီရဲ့ စစ်ရေးနိုင်ငံရေး ယိမ်းယိုင်လာတဲ့အတွက် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ ဥက္ကဋ္ဌ ခိုင်ရဲခိုင်ရဲ့ ဦးဆောင်မှုနဲ့ စတုတ္ထအကြိမ် ပါတီ ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013