Home
မြန်မာသတင်း
ထိုင်းတွင် သတ်ဖြတ်စွန့်ပစ်ခံ ၃ လောင်း မြန်မာလုပ်သားများဖြစ်ဟု စစ်ဆေးတွေ့ရှိ၊ ပတ်သက်သူ ၅ ဦးကို ဖမ်းဆီး
DVB
·
March 20, 2023
335425744_773163874237014_5403399382608674283_n

ထိုင်းတောင်ပိုင်း၊ ဆုန်ခလာခရိုင်၊ ဘန့်ကလမ်မြို့မှာ ပြီးခဲ့တဲ့အပတ်က သတ်ဖြတ်ပြီး အမှိုက်ပုံနား လာရောက်စွန့်ပစ်ခံထားရတဲ့ အမျိုးသား အလောင်း ၃ လောင်းမှာ မြန်မာလုပ်သားတွေဖြစ်ပြီး ပါဝင်ပတ်သက်သူ ၅ ဦး အဖမ်းခံထားရတယ်လို့ မတ် ၂၀ ရက်  ချနယ် ၇ ထိုင်းတီဗွီသတင်းမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၅ ရက်မနက်က ဘန့်ကလန်မြို့ ထာ့ချန့်ရပ်ကွက်ရှိ တောစပ်အမှိုက်ပုံမှာ သေဆုံးနေတဲ့ အမျိုးသား ၃ ဦးတွေ့ရှိပြီး ၁ ဦးက ခြေလက်ကြိုးတုပ်ခံထားရပြီး လည်ပင်းမှာ ဓား ဒဏ်ရာရကာ ကျန် ၂ ဦးမှာလည်းအကြမ်းဖက်ခံရပြီး သေဆုံးခဲ့ပုံရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

သူတို့ပုံစံဟာ လူကုန်ကူးခံရတဲ့ပုံစံတွေဖြစ်နေလို့  စုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့က  အရင်လူ ကုန်ကူးမှုမှာ ပါဝင်ပတ်သက်ဖူးသူတွေ၊ အမည်ပျက်စာရင်းထဲပါသူတွေ လိုက်စုံစမ်းပြီး သံသယရှိသူ ၅ ဦးကို ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။

အဆိုပါ ၅ ဦးမှာ အမျိုးသား ၃ ဦး အမျိူးသမီး ၂ ဦးပါဝင်ပြီး စမွတ်ပရကန်နဲ့ ကော်ဖငန်းမြို့နယ်တွေမှာ အဖမ်းခံရကာ လူမျိုးနဲ့နိုင်ငံသားကိုတော့ သတင်းမှာ ဖော်ပြထားခြင်း မရှိပါဘူး။

အခင်းဖြစ်တဲ့နေ့က သူတို့ဟာ  မြန်မာလုပ်သားစုစုပေါင်း ၃၄ ဦးကို စမွတ်ပရကန်ခရိုင်ကနေ တင်ဆောင်ပြီး ထိုင်းတောင်ပိုင်း နာရာသီဝပ်ကို ပို့ပေးခဲ့တယ်လို့ ဝန်ခံပါတယ်။

ဆက်လက်စုံစမ်းချက်အရ ကျန်သူတွေဟာ မလေးရှားနိုင်ငံဘက်ကို ရောက်ရှိသွားပြီဖြစ်ပြီး ခြံလုပ်ငန်းနဲ့ ရာဘာခြစ်လုပ်ငန်းတွေမှာ သွားရောက်လုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။ 

အဖမ်းခံရသူတွေက အဲဒီထဲက ၃ ယောက်ဟာ ကားပေါ်မှာ သူတို့ချင်းချင်း သတ်ဖြတ်ပြီးသေဆုံးသွားတာဖြစ်ပြီး သူတို့သတ်တာမဟုတ်ဘူးလို့  ငြင်းဆိုထားပါတယ်။  တာဝန်ရှိသူတွေကတော့ သူတို့ပြောတာကို မယုံကြည်ဘဲ လောလောဆယ် ပူးပေါင်းကြံရွယ် လူသတ်မှု ၊ အလောင်းဖျောက်ဖျက်မှုတွေနဲ့ ကနဦးအမှုဖွင့်ထားပါတယ်။

ထိုင်းတောင်ပိုင်းမှာ ဒီ ၂၀၂၃ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလအတွင်း တရားမဝင် ဝင်ရောက်လာသူတွေ  ဖမ်းဆီးရမိမှုပေါင်း ၂၉ မှုရှိပြီး တရားမဝင် ဝင်ရောက်သူ ၃၀၀ ကျော်နဲ့ ပွဲစား ၊ လမ်းပြ စုစုပေါင်း ၂၃ ယောက် ကိုဖမ်းဆီးရမိတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

REF: M.G.R

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024