Home
မြန်မာသတင်း
စစ်ကောင်စီ ကျင်းပမည့် သင်္ကြန်ပွဲတော်တွင် ပြည်သူများ မပူးပေါင်း မပါဝင်ကြရန် တော်လှန်ရေး အင်အားစုများ တိုက်တွန်း
DVB
·
March 20, 2023

လာမယ့် သင်္ကြန်ကာလအတွင်း စစ်ကောင်စီက ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့ကြီးတွေမှာ သင်္ကြန်ပွဲစည်ကားအောင်ကျင်းပဖို့ ပြင်ဆင်နေရာမှာ လက်ရှိ ရန်ကုန် မြို့တော်ခန်းမှာရှေ့မှာ မဏ္ဍပ်တည်ဆောက်နေပြီး ပြည်သူ့ရင်ပြင်အတွင်းမှာလည်း မဏ္ဍပ်တခုနဲ့ စတိတ်စင်တခု တည်ဆောက်နေပါတယ်။

စစ်ကောင်စီ ကျင်းပမယ့် သင်္ကြန်ပွဲတော်တွေမှာ ပြည်သူတွေ မပါဝင်ကြဖို့ တော်လှန်ရေး အင်အားစုတွေက တိုက်တွန်းထားပြီး၊ စစ်ကောင်စီ သင်္ကြန်မှာ ပြည်တွင်းနဲ့ ပြည်ပက Dj artist တွေကိုလည်း မပါဝင်ကြဖို့ မြို့ပြပြောက်ကျားတပ်ဖွဲ့တွေက သတိပေးထားပါတယ်။

“စစ်ကောင်စီက ပြုလုပ်တဲ့ မဏ္ဍပ်တွေ၊ စစ်ကောင်စီက စပွန်ဆာပေးထားတဲ့ ကုန်ပစ္စည်းတွေကို ကျနော်တို့က Boycott လုပ်မယ်။ စစ်ကောင်စီကို အားပေးထောက်ခံတဲ့ အနုပညာရှင်တွေကို ကျနော်တို့က Social Punishment လူမှုရေးပြစ်ဒဏ်ခတ်မယ်ဆိုရင် ကျနော်တို့က တော်လှန်ရေးမှာ တနည်းတဖုံ ပါဝင်တဲ့ နည်းလမ်းတခုပဲ ဖြစ်ပါတယ်။”

ရေဘဝဲ ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့ ဥက္ကဋ္ဌက “ ဆင်နွှဲနေတဲ့ပုံတွေ မတင်ဖို့ ကျနော်တို့ တိုက်တွန်း နှိုးဆော်ချင်ပါတယ်။ တိတ်တိတ်လေး ပျော်ပေးပါ။ ဘာကြောင့်လဲဆိုတော့ ပျော်တဲ့သူတွေရှိပေမဲ့ ပျော်ချင်ပေမယ့် ပျော်လို့မရတဲ့ သူတွေ ပျော်ခွင့်မရတဲ့သူတွေ အများကြီး ရှိနေလို့ပါပဲ။ ဒီစကားစုလေးကို သတင်းစကား ပါးချင်ပါတယ်။ တိတ်တိတ်လေး ပျော်ပေးပါ။ တိုးတိုးလေး ငိုနေတဲ့သူတွေ ရှိနေလို့ပါပဲ”လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီက တဘက်မှာ ပြည်သူတွေ တော်လှန်ရေး ဆက်မလုပ်နိုင်အောင် မြို့ပြမှာ ဆန္ဒပြတဲ့ လူငယ်တွေကို ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်နေသလို တော်လှန်ရေးကို အာရုံလွဲအောင် ပျော်ပွဲရွှင်ပွဲတွေ မကြာခဏဆိုသလို ဖန်တီးပြုလုပ်နေတာပါ။

ရန်ကုန်မှာ သင်္ကြန်မဏ္ဍပ်တွေ တည်ဆောက်ခွင့်ပြုတယ်လို့ ကြေညာထားပေမယ့် လက်ရှိ အချိန်ထိတော့ ပုဂ္ဂလိက မဏ္ဍပ်တွေ တည်ဆောက်တာ မတွေ့ရသေးပါဘူး။

ရန်ကုန်မြို့ခံ လူငယ်တွေကတော့ စစ်ကောင်စီရဲ့ သင်္ကြန်မှာ ပါဝင်ပူးပေါင်းခြင်း မရှိဘဲ စစ်ကောင်စီ သင်္ကြန်ဟာ သူ့လူကိုယ့်ဘက်သားတွေနဲ့ မနှစ်ကလိုပဲ ပြီးဆုံးသွားမယ်လို့ ရန်ကုန်မြို့ခံ လူငယ် တစ်ဦးက ပြောပါတယ်။

“သင်္ကြန်ကို တော်တော်များများက ပါဝင်ဖို့ စိတ်ကူး မရှိကြဘူး။ ဘာလို့လဲဆိုတော့ တိုင်းပြည်က နေမကောင်းဖြစ်နေတဲ့ အနေအထားလေ။ စစ်ဘေးရှောင်တွေလည်း ရှိတယ်။ တိုက်ပွဲတွေလည်း ရှိတယ်။ ဒုက္ခရောက်နေတဲ့သူတွေ၊ စားဝတ်နေရေး အဆင်မပြေတဲ့သူတွေ ရှိတယ်။ အဲ့လို အခြေအနေမျိုးမှာ သင်္ကြန်ပွဲစီစဉ်တဲ့ကိစ္စ၊ မဏ္ဍပ်တွေ စီစဉ်တဲ့ကိစ္စက လူငယ်တွေကြားထဲမှာ ဘယ်လိုမှ စိတ်ဝင်စားစရာ ကိစ္စဖြစ်မှာ မဟုတ်ဘူး။ သင်္ကြန်တော့ ထုံးစံအတိုင်းပဲ တိုင်းပြည် အဆင်ပြေသွားတဲ့အချိန်မှပဲ ပါဝင်ဆင်နွှဲမယ်လို့ တွေးထားတယ်။ သူ့ဟာသူ ဘယ်လောက်ပဲ မဏ္ဍပ်ကို လူတွေ လာချင်အောင် လုပ်ထားလုပ်ထား အရင်နှစ်တွေကလိုပဲ သူ့လူ ကိုယ့်ဘက်သား လူတွေနဲ့ပဲ ပြီးသွားမယ်လို့ပဲ မြင်မိတယ်”လို့  ရန်ကုန်မြို့ခံ လူငယ်တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် သင်္ကြန်မတိုင်ခင် ဧပြီ ၈ ရက်နေ့မှာ စစ်ကောင်စီ တည်ဆောက်ထားတဲ့ ရန်ကုန်မြို့တော် ရေကစားမဏ္ဍပ်အနီးမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ခိုက်မှုကိုတော့ ရန်ကုန်မြို့ပြ ပြောက်ကျားအဖွဲ့ Dark Shadow အဖွဲ့က တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ခဲ့ပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက် ပြည်သူတွေဟာ သင်္ကြန်ကာလကို ကိုယ့်အစီအစဉ်နဲ့ ကိုယ်သာ မိသားစုတွေနဲ့ ဖြတ်သန်းနေကြပြီး၊ အာဏာမသိမ်းခင်ကလို စီးပွားရေးဖြစ် မဏ္ဍပ်တွေနဲ့ သင်္ကြန်ပွဲတော်ကို စည်စည်ကားကား မကျင်းပနိုင်တာ ၂ နှစ်ကျော် ရှိနေပါပြီ။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024