မြန်မာကို ချမ်းသာသည့် နိုင်ငံအဖြစ် မြင်လိုဟု တရုတ်ပြော
DVB
·
June 11, 2014
မြန်မာနိုင်ငံကို ချမ်းသာကြွယ်ဝတဲ့နိုင်ငံတနိုင်ငံအဖြစ် မြင်လိုတယ်လို့ တရုတ် ဒုနိုင်ငံခြားရေးဝန်ကြီး လျူကျင်းမင်က ပြောတယ်လို့ ဆင်ဟွာ သတင်းမှာ ဖော်ပြထားပါတယ်။
ဇွန် ၉ ရက်နေ့က လုပ်တဲ့ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ အာဆီယံ ထိပ်သီး အစည်းအဝေးပွဲအတွင်း ဆက်စပ်ဆွေးနွေးပွဲတခုမှာ သူက ခုလို ပြောလိုက်တာပါ။
တရုတ်ဟာ မြန်မာနဲ့ ရေရှည်မဟာဗျူဟာမြောက် အမြင်ကို ကျင့်သုံးပြီး နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သူက ဆိုပါတယ်။
မြန်မာအစိုးရရဲ့ လွတ်လပ်တဲ့ ရည်တည်ချက် မှန်သမျှကို ထောက်ခံသွားမှာဖြစ်ပြီး အခြား ဘယ်နိုင်ငံတွေကမှ မြန်မာအပေါ် ဖိအားပေးတာတွေကိုလည်း လက်မခံဘူးလို့ သူက ပြောပါတယ်။
လက်ရှိ တရုတ်ဟာ မြန်မာနိုင်ငံထဲမှာ အကြီးဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်ပြီး မြန်မာနိုင်ငံရဲ့ တည်ဆဲ ဥပဒေတွေကို လိုက်နာဖို့ တရုတ်လုပ်ငန်းရှင်တွေကို ညွှန်ကြားထားတယ်လို့လည်း သူက ပြောပါတယ်။