
ထိုင်းတောင်ပိုင်း၊ ဆုန်ခလာခရိုင်၊ ဘန့်ကလမ်မြို့နယ်မှာ မတ်လ ၁၅ ရက် မနေ့က သတ်ဖြတ်စွန့်ပစ်ခံရတဲ့ အမျိုးသား သုံးဦးရဲ့ အလောင်းကို တွေ့ရှိပြီး လူကုန်ကူးခံရတဲ့ တရားမဝင် မြန်မာနိုင်ငံသားတွေရဲ့ အလောင်းဖြစ်နိုင်ကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ထာ့ချန့်ရပ်ကွက်ထဲက အမှိုက်ကောက်သမားတစ်ယောက်က မနေ့မနက်က သူတို့ရပ်ကွက်ထဲမှာရှိတဲ့ တောစပ်အမှိုက်ပုံနား အမှိုက်သွားကောက်နေစဉ် ချုံထဲက အဝတ်ပုံတွေ့လို့ မသင်္ကာလို့ လှန်လှောကြည့်ရက လူသေအလောင်း ဖြစ်နေတာကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူတွေကို အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးရုံးတာဝန်ရှိသူတွေက လာရောက်စစ်ဆေးကြည့်ရှုရာမှာတော့ အဆိုပါနေရာတဝိုက်မှာ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသားအလောင်း သုံးလောင်း တွေ့ရှိကြောင်း၊ တစ်ယောက်က လက်ရော ခြေထောက်ကိုပါ ကြိုးတွေနဲ့တုပ်ထားပြီး လည်ပင်းမှာ ပြတ်လုနီးပါး အလှီးခံထားရကြောင်း၊ နောက်နှစ်ယောက်က ဘာကြောင့်ရတဲ့ဒဏ်ရာဆိုတာ မသိပေမဲ့ သုံးယောက်လုံး တစ်နေရာရာမှာ အသတ်ခံခဲ့ရပြီးမှာ လာရောက်စွန့်ပစ်ခံရတာ ဖြစ်နိုင်တယ်လို့ ဘန်ကလမ်နယ်မြေရဲတပ်ဖွဲ့က ပြောပါတယ်။
အလောင်း သုံးလောင်းအနက် တစ်လောင်းမှာ အသက် ၁၈ နှစ်ရွယ် လူငယ်၊ နောက် နှစ်လောင်းမှာ အသက် ၃၀ ကျော်ရွယ်ရှိပြီး လွန်ခဲ့တဲ့ ၂ ရက်လောက်က သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ခန့်မှန်းပါတယ်။
သူတို့ရဲ့လက်မှာ အနီရောင်ကြိုးစတွေ ပတ်ထားတာကြောင့် လူကုန်ကူးခံရတဲ့ တရားမဝင် အလုပ်သမားတွေ ဖြစ်နိုင်ကြောင်း၊ အဆိုပါတောအုပ်အနီးတဝိုက် လိုက်လံစစ်ဆေးရာမှာ မီတာ ၂၀၀ အကွာမှာတော့ မလေးရှားနိုင်ငံကို ဆက်သွားမယ့် မြန်မာအလုပ်သမားတွေ ပုန်းအောင်းလေ့ရှိတဲ့ ယာယီတဲတွေ တွေ့ရှိတာကြောင့် သေဆုံးသူတွေဟာ လူကုန်ကူးခံရတဲ့ မြန်မာလုပ်သားတွေ ဖြစ်နိုင်ပြီး အကြောင်းတစ်ခုခုကြောင့် အသတ်ခံရတာလို့ ရဲတပ်ဖွဲ့က ခန့်မှန်းပြောပါတယ်။
အဆိုပါအလောင်းတွေကို ခွဲစိတ်စစ်ဆေးဖို့ ဆေးရုံကို သယ်ဆောင်သွားပြီး အမှုကွင်းဆက်တွေ ဆက်လက်စုံစမ်းစစ်ဆေးသွားမယ်လို့ အမှတ် ၉ နယ်မြေရဲတပ်ဖွဲ့ တာဝန်ရှိသူက သတင်းထောက်တွေကို ပြောပါတယ်။