
မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ မတ် ၁၃ ရက် ညနေက စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တခု တိုက်ခိုက်ခံရပြီး စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် တယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ပေါက် ပ.က.ဖ ASTF တပ်ဖွဲ့ကနေ သိရပါတယ်။
ပေါက်မြို့နယ် ရေပြာရွာနဲ့ ၃ မိုင်လောက်အကွာက လယ်ဘဲ့ရွာနဲ့ စံဖဲရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး မွှေနှောက်ကာ နေအိမ်တွေကို ဖျက်ဆီးနေလို့ ရေပြာလမ်းဆုံက စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်ကို မတ် ၁၃ ရက် ညနေမှာ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ASTF ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်စကြာက ပြောပါတယ်။
နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်ပွားချိန် ၅ မိနစ်လောက် ကြာမြင့်ခဲ့ပြီး အဲဒီစစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်သားနဲ့ ရဲ ၄ ယောက် ရှိတဲ့အနက် ရဲ ၁ ယောက် အပြင်းအထန် ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ မတ် ၁၁ ရက်ကတည်းက ပေါက်မြို့နယ်မြောက်ပိုင်းက လယ်ဘဲ့ကျေးရွာကို အင်အား ၁၀၀ လောက်နဲ့ မွှေနှောက်ဖျက်ဆီးနေသလို စံဖဲကျေးရွာကိုလည်း အင်အား ၈၀ လောက်နဲ့ မွှေနှောက်နေကြတယ်လို့ ဗိုလ်စကြာက ပြောပါတယ်။
စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေလို့ ပေါက်မြို့နယ်မြောက်ပိုင်းက လယ်ဘဲ့၊ စံဖဲ၊ အောင်ချမ်းသာ၊ ကမ်းပြို(ကပြို)၊ အင်ပင်၊ ထန်းငယ်တော အပါအဝင် ကျေးရွာ ၈ ရွာလောက်က ဒေသခံပြည်သူ ၅,၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးနေကြရပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အကူအညီ အထောက်အပံ့တွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
ပေါက်မြို့နယ် အရှေ့ပိုင်းက အုန်းတောကျေးရွာကိုလည်း မတ် ၉ ရက်ကနေ ၁၁ ရက်အထိ စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အိမ်ခြေ ၇၀ မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။