
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ထင်းရူးနဲ့ အနင်းကြားကငပိကျွန်းမှာ ရခိုင်ပြည်နယ်ဘက်က ဆင်းလာတဲ့ ရိုဟင်ဂျာတွေကို စုရပ်လုပ်ပြီး လူကုန်ကူးတာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီရိုဟင်ဂျာတွေကို စုရပ်ကနေတဆင့် မြေကြီးသယ်တဲ့ ကားနဲ့ ထိုင်း-မြန်မာနယ်စပ်ဘက်ကို ပို့ဆောင်နေပြီး ရိုဟင်ဂျာတယောက်ကို ကျပ်သိန်းနဲ့ချီပေးရကာ အများဆုံးက ဘင်္ဂလားဒေ့ရှ် မြန်မာဒုက္ခသည်စခန်းကနေ အများဆုံးက ပါဝင်ကာ ထိုင်းနဲ့ မလေးဘက်ကို သွားရောက်ကြတယ် လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံ တဦးက “ကားက မနက် ၄ နာရီလောက်ဆို ထင်းရူးရွာကို ဖြတ်မောင်းသွားတယ်။ ကား တစီးမှာ လူ ၂၀ ကနေ ၃၀ ဝန်းကျင်လောက်ရှိမယ်။ ရဲတွေက အရင်က အဖမ်းပြပြီး အခု နောက်ပိုင်း မဖမ်းတော့ဘူး”လို့ ဆိုပါတယ်။
အခုလို လူကုန်ကူးမှုဖြစ်မှာ အုပ်ချုပ်ရေးမှူးတွေနဲ့ ရဲ၊ BGF တွေပါ ဝင်ပတ်သက်နေတဲ့အပြင် အခုလိုဖြစ်လာတာကြောင့် နယ်မြေလုံခြုံရေးပါ ထိခိုက်လာမှာ စိုးရိမ်ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဖေဖော်ဝါရီ ၁၉ ရက်က သံဖြူဇရပ်မြို့နယ်၊ ဝဲကလိကျေးရွာနားမှာ အထောက်အထားမဲ့ ရိုဟင်ဂျာ ၄၀ ကို စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။
ပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံတဝန်းမှာ ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာဦးရေ ၃၀၀၀ ကျော် ရှိနေပြီး အားလုံးကတော့ လူကုန်ကူးခံရတာ ဖြစ်တယ်လို့ ရိုဟင်ဂျာလူကုန်ကူးမှု စောင့်ကြည့်ရေးအစီရင်ခံစာတစောင်က ဖော်ပြပါတယ်။