Home
မြန်မာသတင်း
မလှိုင်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌဟောင်း ဖမ်းဆီးခံရပြီးနောက် သတင်းအစအန ပျောက်ဆုံးနေ
DVB
·
March 9, 2023

မလှိုင်မြို့နယ်ကျောင်းသားများသမဂ္ဂရဲ့ ဥက္ကဋ္ဌဟောင်းရဲဘော်ကို မလှိုင်မြို့နဲ့ မိတ္တီလာမြို့ကြားမှာ ၂၀၂၂ ခုနှစ် မတ်လ ၇ ရက်က စစ်ကောင်စီတပ် မတရားဖမ်းဆီး ချုပ်နှောင်ခဲ့ပြီး တနှစ်ကျော်ကြာတဲ့အထိ အဆက်အသွယ် ပြတ်တောက်နေတယ်လို့ မလှိုင်မြို့နယ် ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ပါတယ်။

ဖမ်းဆီးခံရပြီး မိတ္တီလာ ခြေမြန်တပ်မ ၉၉ ထဲကို ခေါ်ဆောင်သွားပြီး ရက်ပေါင်း ၂၀ ကျော်ကြာ မိသားစုနဲ့ အဆက်သွယ်ရရှိခဲ့ပေမဲ့ ၂၀၂၂ ခုနှစ် ဧပြီ ၂ ရက်ကစပြီး တပ်ထဲကနေ ထောင်ကို လွှဲပြောင်းလိုက်ပြီဆိုတဲ့ သတင်းကလွဲပြီး အခုအချိန်ထိ ဘာသတင်းအစအနမှ မရရှိတော့ကြောင်း သိရပါတယ်။

“ကျနော်တို့ရဲဘော်ရဲ့ အခြေအနေကို အမြန်ဆုံးသိချင်တယ်။ ဒါမှလည်း ကျနော်တို့ရဲဘော်ရဲ့ ကျန်းမာရေးအခြေအနေ သိရမှာ။ နောက်ပြီး ထောင်ဝင်စာပို့ပေးနိုင်မှာပါ။ အဖွဲ့ချုပ်အနေနဲ့ အဖွဲ့ချုပ်ရဲဘော်တယောက်ကို ဖမ်းသွားတယ်၊ သတင်းအစအနဖျောက်တယ်၊ အကြမ်းဖက် စစ်အုပ်စုကို တော်လှန်ရင် ဒီလိုလုပ်မယ်ဆိုပြီး ခြိမ်းခြောက်တဲ့သဘောပဲလို့ ယူဆပါတယ်။ ဗကသများအဖွဲ့ချုပ်ရဲ့ ဆောင်ပုဒ်တခုဖြစ်တဲ့ ‘အတက်ရိုက်ချိုး၊ အတောင်ကျိုးသော်၊ အရိုးထတွန်ပါလိမ့်မည်’ ဆိုတဲ့အတိုင်း တယောက်အဖမ်းခံရရင် နောက်ထပ်နှစ်ယောက် ဆက်ပေါ်လာပြီး ဆက်ပြီးတော်လှန်နေဦးမှာပါပဲ” လို့ မလှိုင်မြို့နယ် ကျောင်းသားများသမဂ္ဂက ဒီဗွီဘီကို ပြောပါတယ်။

မလှိုင်မြို့နယ်ကျောင်းသားများသမဂ္ဂအနေနဲ့ ဥက္ကဋ္ဌဟောင်းရဲဘော်ရဲ့ နိုင်ငံရေးအကျဥ်းသား အခွင့်အရေး၊ ကျန်းမာရေး စတဲ့ကိစ္စတွေအတွက် အလွန်စိုးရိမ်ကာ သူရောက်ရှိနေတဲ့နေရာကို အမြန်ဆုံးသိရှိလိုပြီး ဖမ်းဆီးခံရချိန်အတွင်း ဖြစ်ပျက်သမျှကို စစ်အုပ်စုဘက်က တာဝန်ယူရလိမ့်မယ်လို့ ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024