
ထိုင်းမြောက်ပိုင်း ချင်းမိုင်ခရိုင်က ရှမ်းရွှေ့ပြောင်းလုပ်သားဇနီးမောင်နှံ ၂ ဦးမှာ ဒီလဆန်း ၁ ရက်နေ့က ထွက်သွားတဲ့ ထိုင်းထီ ပထမဆုပေါက်ပြီး ဘတ်ငွေ ၆ သန်းရသွားတယ်လို့ ချင်းမိုင် နယူးစ် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
အဆိုပါဇနီးမောင်နှံမှာ အသက် ၂၀ ကျော်ရွယ်သာရှိပြီး ရင်ခွင်ပိုက်ကလေးငယ် ၁ ဦးရှိကြောင်း၊ သူတို့ဟာ လမ်းပွန်းမြို့နယ် ဘန့်ဟုန့်ရွာက လမ်းယိုင်းခြံအလုပ်သမားတွေဖြစ်ပြီး ချင်းမိုင်ခရိုင် ဆာရဖီးမြို့ နောင်ဖိန့်ရပ်ကွက် ကော့ဆိုင်းဈေးထဲမှာ ခြံထွက်သီးနှံတွေ လာရောင်းလေ့ရှိတယ်လို့ ကော့ဆိုင်းဈေးရှိ ထီလက်မှတ်ရောင်းသူ နန်းဆောင်ဖန်းနီးဆုပူငင်းက သတင်းထောက်ကို ပြောပါတယ်။
အရင်လက သူတို့သားအမိ ထီလက်မှတ် ၂ စောင် ဘတ် ၂၀၀ ဖိုးလာဝယ်ပြီး၊ အဆိုပါလက်မှတ်ကို ကလေးကိုဆွဲယူခိုင်းရာ နောက်ဆုံးဂဏန်းမှာ ၄၁၇ လို့မှတ်မိကြောင်း၊ ဒီလဆန်း ထီပေါက်စဉ်ထွက်တော့ သူတို့မိသားစု ပထမဆုပေါက်တာသိရလို့ ဝမ်းသာတယ်လို့ ပြောပါတယ်။
သူတို့အလုပ်ရှင်ဟာ ဘဏ်မှာအလုပ်လုပ်တဲ့အတွက် ဆုငွေတွေကို အလုပ်ရှင်ကလည်း ကူထုတ်ပေးပြီး တခါတည်းဘဏ်စာရင်းဖွင့်ကာ အပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
သူဌေးဖြစ်သွားတဲ့ သူတို့လင်မယားကတော့ အရင်လို လမ်းယိုင်းခြံထဲမှာပဲ အလုပ်ဆက်လုပ်နေပြီး ခြံထွက်သီးနှံတွေလည်း လာရောင်းနေတုန်းပဲလို့ သတင်းမှာ ဖော်ပြသွားပါတယ်။