Home
မြန်မာသတင်း
ဖားကန့်တွင် စစ်တပ်လက်နက်ကြီးကြောင့် ကလေးငယ်နှင့် မိခင် ဒဏ်ရာရ၊ ဒီးမော့ဆို၌ KRU ရဲဘော် ၁ ဦး မိုင်းထိဒဏ်ရာရ
DVB
·
March 7, 2023

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းအနီး မတ် ၅ ရက် ညက တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ရာ အသက် ၁၁ နှစ်အရွယ် ကလေးငယ်နဲ့ မိခင်ဖြစ်သူတို့ လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒေသခံအမျိုးသားတဦးက “ရဲတပ်ရင်း ၃၀ စစ်တပ်စခန်းကို KIA နဲ့ KPDF ပူးပေါင်းတပ်က ဝိုင်းထားပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပတ်လည်ကနေ ပစ်ခတ်တိုက်ခိုက်ကြတာ၊ အလစ်အငိုက် တိုက်ခိုက်ခံရတာ၊ စစ်တပ်က လက်နက်ကြီးနဲ့ ပြန်ပြီး ရမ်းသန်းပြန်ပစ်တာ၊ အသက် ၁၁ နှစ်အရွယ် မမိုးပွင့်ဖြူနဲ့ အသက် ၄၇ နှစ်အရွယ် မိခင်ဖြစ်သူ မခင်မတို့ ထိခိုက်ဒဏ်ရာရသွားတယ်” လို့ ပြောပါတယ်။

စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် လူနေအိမ်တချို့လည်း ထိမှန်ပျက်စီးခဲ့ပြီး ၁ နာရီကျော်ကြာ နှစ်ဖက် အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်ကလည်း စစ်တပ်က လက်နက်ကြီးနဲ့  ပစ်ခတ်ခဲ့လို့ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု၊ မဇွပ်ယန်ကျေးရွာထဲ ကျရောက်ပေါက်ကွဲပြီး ဒေသခံအမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ကယား (ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာမှာ  ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) ထိန်းချုပ်နယ်မြေမှာ မိုင်းရှင်းလင်းရေးပြုလုပ်စဉ် မိုင်းပေါက်ကွဲလို့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု ကွန်မန်ဒိုတပ်ခွဲမှ ရဲဘော် ၁ ဦး ညာခြေထောက် ထိမှန်ဒဏ်ရာ ရခဲ့တယ်လို့ KRU က ထုတ်ပြန်ပါတယ်။

မတ် ၅ ရက်၊ မနက် ၅ နာရီလောက်က KRU ကွန်မန်ဒိုတပ်ခွဲမှ ရဲဘော်တွေက ကုန်းသာကျေးရွာအတွင်း မိုင်းရှင်းလင်းရေးပြုလုပ်နေစဥ် မိုင်းပေါက်ကွဲမှုဖြစ်ပြီး အသက် ၁၈ နှစ်အရွယ် ကွန်မန်ဒိုရဲဘော် ၁ ဦး ညာခြေထောက် ထိခိုက်ဒဏ်ရာရကာ ခြေထောက်ဆုံးရှုံးနိုင်တဲ့ အခြေအနေမှာ ရှိနေတယ်လို့ KRU တာဝန်ရှိသူထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ပထမပတ်ကလည်း ဒီးမောဆိုမြို့ ကုန်းသာကျေးရွာအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့တွေ ထိန်းထားတဲ့ နယ်မြေတွေကို ပြန်လည်သိမ်းယူပြီး နယ်မြေရှင်းလင်းရေး၊ မိုင်းရှင်းလင်းရေးတွေ ပြုလုပ်စဉ် စစ်ကောင်စီထောင်ထားတဲ့ မိုင်းနင်းမိပြီး KRU ရဲဘော် ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024