
အာဏာသိမ်း စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမြို့တော် နေပြည်တော်မှာ ဗုံးပေါက်ကွဲမှု ၃ ခု ရက် ဆက်ပေါက်ပြီးနောက်မှာ စစ်ကောင်စီတပ်တွေက လုံခြုံရေးကို ပိုမိုတင်းကျပ်စွာ စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတ် ၁ ရက်နဲ့ ၂ ရက်တို့မှာ ဗုံးသုံးလုံး ဆက်တိုက်ပေါက်ခဲ့ပြီးနောက်မှာ နေပြည်တော်ရဲ့ လမ်းဆုံ လမ်းခွတွေနဲ့ လူအသွားအလာနည်းတဲ့နေရာတွေပါမကျန် စစ်တပ်က လုံခြုံရေးယူပြီး စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
ဒီလိုစစ်ဆေးရာမှာ ဆိုင်ကယ်သမားတွေကို အဓိကထား စစ်ဆေးနေတာဖြစ်တယ်လို့လည်း ဒေသခံတဦးက ပြောပါတယ်။
ပုဗ္ဗသီရိမြို့နယ်အတွင်း နေထိုင်သူ တဦးက “အရင်က စစ်လေ့မရှိတဲ့နေရာတွေပါ စစ်တာ။ လမ်းဆုံ လမ်းခွတိုင်းမှာလည်း စစ်သားတွေ ရှိတယ်။ ပြီးတော့ နည်းနည်းချောင်ကျတဲ့နေရာတွေ ဆိုရင်လည်း လုံခြုံရေး ယူထားတယ်။ ဘယ်ကလာလဲ။ ဘယ်သွားမှာလဲ မေးတယ်။ ဆိုင်ကယ်နဲ့ဆိုရင်တော့ အကုန်ဖွင့်ပြရတယ်"လို့ ပြောပါတယ်။
အခုလို အစစ်အဆေးတွေများနေတာဟာ ပြီးခဲ့တဲ့ရက်ပိုင်းက နေပြည်တော်မှာ ဗုံး ဆက်တိုက်ပေါက်တာကြောင့်ဖြစ်သလို အခုလကုန်ပိုင်းကျင်းပဖို့ရှိတဲ့ တပ်မတော်အခမ်းအနား ကျင်းပဖို့ရက်နဲ့ နီးကပ်လာတာကြောင့်လည်း ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ဒါ့အပြင် အခုရက်ပိုင်း နေပြည်တော်ရှိ မြို့ပြပြောက်ကျားအဖွဲ့တဖွဲ့က သူတို့ကိုယ်သူတို့ မိတ်ဆက်ပြီး ပိုကောင်းတဲ့မစ်ရှင်နဲ့လာခဲ့မယ်ဆိုကာ ရုပ်သံနဲ့ သတင်းစကား ပါးထားပါတယ်။