Home
ဆောင်းပါး
အာဆီယံ သို့မဟုတ် မလုပ် မရှုပ် မပြုတ်
DVB
·
March 4, 2023

၂၀၂၂ ခုနှစ်ကို စဖွင့်လိုက်တယ်ဆိုရင်ပဲ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ဟာ အာဆီယံအဖွဲ့ဝင် ဘယ်နိုင်ငံကိုမှ မနှီးနှောဘဲ နေပြည်တော်ခရီးစဉ်ကို စတင်ခဲ့တယ်။ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီ ၇ ရက်နေ့ နေပြည်တော်မှာ မင်းအောင်လှိုင်နဲ့တွေ့၊ အာဏာရှင်ချင်း ဖန်ခွက်ချင်းတိုက်လိုက်ကြတယ်။ ၂၀၂၂ ခုနှစ်ကို မင်းအောင်လှိုင်က ငြိမ်းချမ်းရေးနှစ်လို့ လက်သီးလက်မောင်းတန်းလိုက်ပြီး ငြိမ်းချမ်းရေးနှစ် လို့ပြောတဲ့နေ့မှာ မြန်မာပြည်သူတချို့ စစ်တပ်ပစ်တဲ့လက်နက်ကြီးထိပြီး သေကြရတယ်။

ဟွန်ဆန် ဖနွမ်းပင်ပြန်ရောက်တော့ မင်းအောင်လှိုင်နဲ့ အရေးကြီးတဲ့သဘောတူညီချက်တွေရ ရှိခဲ့သလိုမျိုး လေလုံးထွားပြတယ်။ မင်းအောင်လှိုင်ပါးစပ်က ထွက်ရဲခဲ့တဲ့ ငြိမ်းချမ်းရေးနှစ်ဆိုတဲ့စကား ကို ကမ္ဘာကြီးမကြားမှာစိုးလို့ ဟွန်ဆန်က အော်ဟစ်ပြခဲ့သေးတယ်။ ပြီးတော့ အာဆီယံမူ ၅ ရပ်နဲ့ စစ်အုပ်စုရှေ့လုပ်ငန်းစဉ် ၅ ရပ် ဆက်စပ်ဖော်ဆောင်ရေးတဲ့။ အသစ်စက်စက် အာဆီယံအလှည့်ကျဥက္ကဋ္ဌက အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို ချိုးဖောက်ကာ ပြဒါးတစ်လမ်း သံတစ်လမ်းကို ဆက်စပ်လို့ရသယောင် အကြံအဖန်တွေ လုပ်တော့တယ်။

အာဆီယံရဲ့အရေးပါတဲ့နိုင်ငံတွေကရော နိုင်ငံတကာအသိုက်အဝန်းကပါ ပယ်ချလိုက်တဲ့အခါမှ ဟွန်ဆန်တစ်ယောက် အရူးကွက်နင်းကာ ပြန်လျှိုလိုက်ပေမဲ့ ဖနွမ်းပင်မှာ ၂၀၂၂ ခုနှစ်ရဲ့ ပထမဆုံး အကြိမ် အာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးလုပ်မယ်ဆိုတော့ မင်းအောင်လှိုင်ခန့် ဝဏ္ဏမောင် လွင်ကို ဖိတ်မယ်လုပ်လို့ အစည်းအဝေးရက်ရွှေ့လိုက်ရတဲ့အထိ ပွဲပျက်ခဲ့တယ်။

ပြောချင်တာက ၂၀၂၂ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်စတင်တဲ့ ပထမ နှစ်လတာမှာ ကမ္ဘောဒီးယားဟာ စစ်အုပ်စုကို အာဆီယံအသိုက်အဝန်းထဲရောက်အောင် ပြန်ဆွဲတင်မယ်ဆိုတဲ့စိတ်နဲ့ ပြတ်ပြတ်သားသားအလုပ်လုပ်ပြီး လှုပ်ခတ်ခဲ့တာ အသေအချာပါပဲ။

အခု ၂၀၂၃ ခုနှစ်အရောက် မြန်မာ့အရေးပြတ်ပြတ်သားသားကိုင်တွယ်မယ်ဆိုတဲ့ အင်ဒိုနီးရှား လက်ထဲ အာဆီယံအလှည့်ကျဥက္ကဋ္ဌရထူးရောက်တော့ ၂၀၂၃ ခုနှစ်ရဲ့ ပထမ နှစ်လတာဟာ မြန်မာ့အရေး အာဆီယံအတိတ်မေ့နေသလို ငြိမ်သက်လွန်းလှတယ်။ ဘယ်လောက်ထိအောင် ငြိမ်သက်လွန်းခဲ့သလဲဆို မြန်မာ့အရေး အာဆီယံအထူးကိုယ်စားလှယ်ရာထူးကိုတောင် အခု နှစ်လပြည့်တဲ့အချိန်ထိ တရားဝင်ခန့်အပ်နိုင်ခြင်းမရှိသေးပါဘူး။

ဖေဖေါ်ဝါရီ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့အစည်းအဝေးကို အင်ဒိုနီး ရှားနိုင်ငံ၊ ဂျကာတာမြို့မှာကျင်းပခဲ့တယ်။ အဲဒီအစည်းအဝေးမှာ မြန်မာ့အရေးကို ခေါင်းချင်းဆိုင်ကြတယ်ဆိုပေမဲ့ အစည်းအဝေးအပြီး ထုတ်ပြန်ချက်က မူ ၅ ရပ်ကို လက်တွေ့ ဖော်ဆောင်ဖို့ ထပ်မံတိုက်တွန်းတယ်ဆိုတော့ နယ်ထိန်းလုပ်နေတဲ့သူခိုးကို ရာဇဝတ်မှုကျဆင်းအောင် ကျောသပ်ရင်သပ်နဲ့ ဖျောင်းဖျတဲ့သဘောထက် မပိုပါဘူး။ 

၂၀၂၂ နိုဝင်ဘာ ၁၁ ရက်နေ့ အာဆီယံထိပ်သီးအစည်းအဝေးကထုတ်ပြန်လိုက်တဲ့ မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ခြင်းဆိုင်ရာ အာဆီယံခေါင်းဆောင် များရဲ့  ပြန်လည်သုံးသပ်ချက်နဲ့ ဆုံးဖြတ်ချက်  ၁၅ ချက် ဆိုတာ ပျောက်ချင်းမလှ ပျောက်ဆုံးနေပါတယ်။

အဲဒီဆုံးဖြတ်ချက်ထဲက အာဆီယံမူ ၅ ရပ်ကို အချိန်ကန့်သတ်ပြဋ္ဌာန်းဖော်ဆောင်ဖို့ အသေးစိတ် ကိစ္စတွေနဲ့ပတ်သက်ပြီး ၂၀၂၃ ခုနှစ်မှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ ရေးဆွဲကြမယ်လို့ အတည် ပြုခဲ့ပေမဲ့ ဒီနေ့ထိတိုင် ဘာ့ကြောင့်ပျောက်ဆုံးနေရပါသလဲ။

အာဆီယံနိုင်ငံတွေရဲ့ကြား ရှေ့တစ်လှမ်းဆက်တိုးဖို့ကို ညှိနှိုင်းလို့မရတာကြောင့်လို့ဆိုရင် မမှားဘူးထင်ပါတယ်။ အာဆီယံနိုင်ငံတွေထဲ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှားနဲ့ စင်ကာပူတို့က မူ ၅ ရပ်ကို မဖော်ဆောင်တဲ့ စစ်အုပ်စုအပေါ် အရေးယူမှုလမ်းကြောင်းပေါ်တင်ချင်ပေမဲ့ ကမ္ဘောဒီးယားနဲ့ ထိုင်းကတော့ အရေးယူခြင်းနည်းဟာ ပြဿနာကို မဖြေရှင်းနိုင်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အာဏာရှင်ချင်း ဖေးမကြမယ်ထင်ပါတယ်။ လာအိုက တရုတ်သဘောထားအပေါ် အခြေခံရပ်တည်မှာဖြစ်သလို ဗီယက်နမ်ကတော့ မြန်မာနိုင်ငံတွင်းက သူတို့အကျိုးစီးပွား ထိခိုက်မှာ မလိုလားပါဘူး။

ပြောရမယ်ဆိုရင် အာဆီယံမူ ၅ ရပ်ကို ထိရောက်စွာ ကိုင်တွယ်ကာ အာဆီယံဘာလဲဆိုတာကို နိုင်ငံတကာကို ပြောပြချင်တဲ့ အုပ်စုနဲ့ မူ ၅ ရပ်ကို လူမြင်ကောင်းရုံကိုင်ထားပြီး ထိရောက်တဲ့ရလဒ် တစ်စုံတစ်ရာထွက်ပေါ်လာမှာ မလိုလားတဲ့အုပ်စုတို့ရဲ့ ပဋိပက္ခဟာ အာဆီယံတွင်း လတ်တလောရင် ဆိုင်နေရတဲ့ အကျပ်အတည်းလို့ နားလည်ရပါတယ်။

အဲဒီအကျပ်အတည်းကို ဖြေရှင်းနိုင်မယ့်ဆေးနည်းက ဟိုဘက်ဒီဘက် အလျှော့အတင်းလုပ် ကြခြင်းပါပဲ။ အပြန်အလှန်လျှော့ကြတဲ့ အလျှော့အတင်းမှာ ချက်ချင်းဆိုသလို အလုပ်ဖြစ်ကြတဲ့ အလျှော့အတင်းက သဘောထားမတူညီမှုတွေကို နောက်မှ ဆွေးနွေးမယ်ဆိုပြီး အချိန်နောက်ဆုတ် လိုက်ခြင်း ဖြစ်နိုင်ပါတယ်။

ဖေဖေါ်ဝါရီ ပထမပတ်အတွင်းက ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့အစည်းအဝေးမှာ အာဆီယံမူ ၅ ရပ်ကို အချိန်ကန့်သတ်ဖော်ဆောင်ရေးနဲ့ပတ်သက်ပြီး ဘာသံမှ ထွက်မလာတာဟာ မတူညီတဲ့ အမြင်တွေကြောင့် နောက်တစ်ခေါက်ကျမှ ဆွေးနွေးကြတာပေါ့လို့ လျှောချလိုက်ပုံပါပဲ။

နောက်တစ်ခေါက် ဆွေးနွေးမယ်ဆိုတော့လည်း အာဆီယံတို့ရဲ့ထုံးစံအတိုင်း မတူညီတာကို ဖြည်းဖြည်းလေးလေးနဲ့ တစ်လှမ်းချင်းညှိပြီးဆွေးနွေးကြဦးမှာဆိုတော့ ခပ်ဖြည်းဖြည်းသာသွားပါ လိမ့်မယ်။ ပြီးတော့ သူလည်းနည်းနည်းလျှော့ ကိုယ်လည်းနည်းနည်းလျှော့ ကြားအဖြေတစ်ခုကို ရှာ ကြတဲ့အခါကျတော့ ထွက်ပေါ်လာတဲ့ရလဒ်ဟာ မထိရောက်ဘူးလည်းမဟုတ်၊ ထိရောက်တယ်လို့ လည်း မဆိုနိုင်။ မြန်မာပြည်သူတွေကို စိတ်ကြိုက်သတ်နေတဲ့မင်းအောင်လှိုင်အတွက် သတ်တော့ သတ်၊ နည်းနည်းတော့ လျှော့သတ်ဆိုတာမျိုး မပြောရုံတမယ်။

တကယ်တော့ အာဆီယံမူ ၅ ရပ်ကို စစ်အုပ်စုက လုံးဝမဖော်ဆောင်ဘူးဆိုတာ ပြည်သူတွေကို နေ့စဉ်သတ်ပြ၊ တစ်ရွာပြီးတစ်ရွာ မီးလောင်တိုက်သွင်းပြနဲ့ လက်တွေ့သက်သေပြနေတာ လူတိုင်း နားလည်သလို အာဆီယံလည်း ကောင်းကောင်းကြီးသဘောပေါက်ပါတယ်။ အာဆီယံထိပ်သီးအစည်းအဝေးတွေမှာ မင်းအောင်လှိုင်အပါအဝင် နိုင်ငံရေးအရကိုယ်စားပြုသူတွေကို တက်ခွင့်မပြုတဲ့ပြစ်ဒဏ်ဟာ မင်းအောင်လှိုင်အတွက် နည်းနည်းပါးပါးအရှက်ရတာကလွဲ မဖြုံဘူးဆိုတာလည်း အာဆီယံက အသေအချာသိပါတယ်။

ဒါပေမဲ့ ရှေ့တစ်လှမ်းဆိုတာ အာဆီယံအတွက် သိပ်ခက်လွန်းပါတယ်။ အချိန်ကြာမယ်၊ ထိရောက်မှု နည်းမယ်ဆိုတာ အာဆီယံစတိုင် အာဆီယံအရွေ့လို့ ဆိုရပါတယ်။

အာဆီယံက အာဆီယံအတိုင်းပဲဆက်ရွေ့ပါမယ်။ မူ ၅ ရပ်ဟာ အလုပ်မဖြစ်မှန်းသိပေမဲ့ အာဆီယံ ဟာ သူ့ရဲ့ဂုဏ်သိက္ခာအရ အာဆီယံ မူ ၅ ရပ်ကို တော်ရုံနဲ့ လွှတ်ချမှာမဟုတ်ပါဘူး။ ဆိုလိုတာက  အာဆီယံမူ ၅ ရပ်ဟာ နွေဦးတော်လှန်ရေးကို ထိရောက်တဲ့ပံ့ပိုးမှုတွေ ပေးနိုင်စွမ်းမရှိဘူးဆိုတာပါပဲ။ ဒါပေမဲ့ မူ ၅ ရပ်ကို ကျနော်တို့ကိုယ်တိုင်ကလည်း တော်ရုံနဲ့လွှတ်ချပစ်လိုက်လို့ မရတာ ကျနော်တို့ရဲ့ နိုင်ငံရေး လောကဓံပါပဲ။

ထွန်းလင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024