
မကွေးတိုင်း၊ မင်းဘူးမြို့မှာ မတ် ၂ ရက် ည ၁ နာရီခွဲလောက်က ဟင်းချက် လျှပ်စစ်ဒယ်အိုး ရှော့ခ်ဖြစ်ရာက နေအိမ်တအိမ်မှာ မီးလောင်မှုဖြစ်ပွားပြီး အနီးနားက ဆိုင်ခန်းတွေကိုပါ မီးကူးစက်ကာ ဆိုင်ခန်း ၃ ခန်း မီးလောင်သွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မြို့ခံတဦးက “ည ၁ နာရီခွဲလောက်က စလောင်တာ။ ဆိုင်ခန်းသုံးခန်းတော့ ပါသွားတယ်။ မီးညွန့်ကျိုးသွားတဲ့အတွက် သက်သာသွားတာပါ” လို့ ပြောပါတယ်။
ညနေ ၄ နာရီမှာ လျှပ်စီးမီးပြတ်သွားတဲ့အခါ လျှပ်စစ်ဒယ်အိုးကို ပိတ်ဖို့ မေ့နေခဲ့တာဖြစ်ပြီး ညသန်းခေါင် ၁၂ နာရီလောက်မှ မီးပြန်လာတဲ့အခါ အိမ်ရှင်တွေ အိပ်မောကျနေတုန်း အဲဒီအိုးက အပူလွန်ကဲပြီး မီးထလောင်တာဖြစ်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
မီးလောင်မှုနဲ့ပတ်သက်ပြီး တရားဥပဒေအရ အမှုဖွင့်တိုင်ကြားခြင်း ရှိ၊ မရှိ စစ်ကောင်စီလက်အောက်ခံ မီးသတ်ဦးစီးဌာနကို ဆက်သွယ်ပေမဲ့ အခုထိ ဆက်သွယ်လို့ မရသေးပါဘူး။
လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက လျှပ်စစ်မီးကို အကန့်အသတ်နဲ့ပဲ ပေးရာမှာ လူအိပ်မောကျချိန်တွေမှ မီးလာတာတွေရှိနေလို့ ဒေသခံတွေ အခက်အခဲ တွေ့နေကြပါတယ်။