
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တာတိုင်ကျေးရွာက အရပ်သားပြည်သူတွေကို အကြမ်းဖက် စစ်တပ်က ရက်စက်စွာ သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး ကျူးလွန်သူ အဆင့်ဆင့်ကို အပြစ်ပေး အရေးယူပြီးတော့ တရားမျှတမှု ဖော်ဆောင်ရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ပြောပါတယ်။
မတ် ၁ ရက် ညပိုင်းက စစ်ကောင်စီတပ်စစ်ကြောင်းဟာ တာတိုင်ကျေးရွာထဲကို ဝင်ရောက်လာခဲ့ပြီး ကျေးရွာသား ၁၅ ယောက်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားပြီးနောက် လမ်းမှာ သတ်ဖြတ်ခဲ့ကာ အ လောင်းတွေကို စွန့်ပစ်ထားခဲ့တယ်လို့ ကနဦး သိရှိရပါတယ်။
ခုလို အရပ်သားပြည်သူတွေအပေါ် ရည်ရွယ်ချက်ရှိရှိ လူမဆန်စွာ အကြမ်းဖက် သတ်ဖြတ်မှု ပြုလုပ်တာက အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ် မှုတွေအပါအဝင် နိုင်ငံတကာ ရာဇဝတ်မှုတွေကို ချိုးဖောက်တာဖြစ်တဲ့အတွက် NUG အစိုးရ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနအနေနဲ့ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး နိုင်ငံတကာ တရားစီရင်ရေးဆိုင်ရာ ယန္တရားတွေဆီ လည်း ပေးပို့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။
လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည် သူ့ခုခံစစ်ကို ဆင်နွှဲနေကြပါတယ်။
နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။