Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ၊ ဝက်လက်၌ စစ်တပ်က ရွာမီးရှို့၊ ကျွန်းလှမြို့ဝင်ထွက်သွားလာခွင့် ၃ ရက်ပိတ်
DVB
·
March 2, 2023

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချက်ကြီးရွာမှာ အထိုင်ချစခန်းလုပ်ထားတဲ့ စစ်ကောင်စီတပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက မတ်လ ၂ ရက် ဒီမနက် ၅ နာရီခွဲက ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တွေက ပြောပါတယ်။

အဆိုပါတိုက်ပွဲကို မနက် ၅ နာရီခွဲက စတင်ခဲ့တာဖြစ်ပြီး မနက် ၈ နာရီခန့်မှာ စခန်းကို အပြီးသိမ်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“အဲ့ရွာက စစ်တပ်နဲ့ပျူတွေ တပ်ချနေတာ ကြာနေပြီဗျ။ စစ်တပ်ထောက်ခံသူတွေလောက်ပဲ ရွာထဲကိုနေကြတယ်။ စစ်တပ်မထောက်ခံသူတွေနဲ့ တခြားအနီးနားရွာက ပြည်သူတွေ နေရပ်စွန့်ခွာနေရတာ ကြာပြီဗျ။ ကျနော်တို့ ဒီစစ်ကောင်စီနဲ့ ပျူစခန်းကို တိုက်ခိုက်နိုင်ဖို့ မြေပြင်ထောက်လှမ်းမှုတွေ ပြုလုပ်နိုင်ဖို့ သတင်းကြိုတင်ရယူတဲ့အခါမှာ ပျူစောထီး ၃၆ ယောက်၊ ရဲ ၂ ယောက်၊ စစ်ကောင်စီတပ်သား ၈ ယောက် ရှိတယ်ဆိုတာကို အရင် သတင်းထောက်လှမ်းပြီးမှ ဝင်တိုက်ခိုက်တာဖြစ်ပါတယ်။ ကျနော်တို့အဖွဲ့တွေ စခန်းသိမ်းနိုင်ပြီးလို့ မနက် ၈ နာရီ‌ေကျာ်မှာ M35 လေယာဉ်နဲ့ လာပစ်တာရှိတယ်။ ရန်သူတွေနဲ့ ရန်သူ့စခန်းကို အကုန်ရှင်းလင်းနိုင်ခဲ့ပြီး ကျနော်တို့ဘက်က ရဲဘော် ၂ ဦး မစိုးရိမ်ရဒဏ်ရာ ရရှိထားတယ်လို့ သိထားရတယ်” လို့ ကန့်ဘလူမြို့နယ် Local ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

အခုတိုက်ပွဲကို KB2 တပ်ရင်း၊ တောညီနောင်တော်လှန်ရေးအဖွဲ့နဲ့ ချပ်သင်းတိုက်နယ် ပကဖတွေ စုပေါင်းတိုက်ခိုက်ခဲ့တာလို့လည်း ဒေသခံ ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တွေဆီကနေ သိရပါတယ်။

အခုလို စစ်ကောင်စီစခန်း ကျဆုံးပြီး စစ်ကောင်စီဘက်က ကျွန်းလှမြို့ပေါ်ကနေ တုန်ဖုန်းကား ၂ စီးနဲ့ ပျူစောထီးတွေနဲ့ စစ်ကူလာရောက်တာတွေ ရှိသလို ကန့်ဘလူနယ် ပေကုန်းရွာကနေ ခြေကျင်စစ်ကြောင်းထိုးတာတွေလည်း ရှိနေပြီး ညနေ ၃ နာရီကျော်မှာ M35 နဲ့ နောက်တကြိမ် ပစ်ခတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ညနေ ၃ နာရီကျော် M35 နဲ့ ပစ်ခတ်ခဲ့တဲ့နေရာဟာ စစ်ဘေးရှောင်အများစုနေတဲ့ ဝက်သအင်းရွာအနီးကို ပစ်ခတ်ခဲ့တာဖြစ်ပြီး စစ်ဘေးရှောင်တဲတွေ ထိမှန်ခဲ့သလို စစ်ဘေးရှောင်လူ အထိအခိုက် စာရင်းကိုတော့ လတ်တလော အတည်ပြုချက် မရနိုင်သေးဘူးလို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။

အခု PDF တွေ တိုက်ခိုက်ခဲ့တဲ့ ချပ်ကြီးကျေးရွာဟာ ရွှေဘို-မြစ်ကြီနား အမြန်လမ်းမကြီပေါ်မှာ တည်ရှိတဲ့ ကျေးရွာဖြစ်သလို အိမ်ခြေ ၈၀၀ ကျော်လောက်ရှိတဲ့ ကျေးရွာတရွာ ဖြစ်တယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်မှာလည်း ကင်းပတ်ဖို့ထွက်လာတဲ့ စစ်ကောင်စီ စစ်ကားတစီးကို ဒီနေ့ မတ် ၂ ရက် မနက်အစောပိုင်း ၄ နာရီခွဲလောက်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့စုံက ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးခေါင်းဆောင်တွေက ပြောပါတယ်။

စစ်သား ၅ ဦး လိုက်ပါလာတဲ့ အိမ်စီးကားကို မြေတိုင်းစာရင်းစစ်ရုံးနဲ့ ဗန္ဓုလရုပ်တုအနီးအနားမှာ တိုက်ခိုက်ခဲ့တာလို့ မစ်ရှင်မှာပါဝင်တဲ့ ရဲဘော်တဦးက ဒီဗွီဘီကို ပြောပါတယ်။

“သူတို့က မြေတိုင်းစာရင်းစစ်ရုံး၊ ဆေးရုံ၊ ဆက်သွယ်ရေးရုံး အဲဒီဘက်ကနေ နေ့တိုင်း မနက်ခင်း ၄ နာရီခွဲ၊ ၅ နာရီအချိန်တွေ ပုံမှန်ထွက်လာပြီး ဘုတလင်အထွက် မုံရွာသွား ကားလမ်း‌ပေါ်က ကြောင်ပန်းတောရအနီးကနေ ကားတွေကို ဆက်ကြေးတောင်းနေတာ ကြာပြီဗျ။ အဲဒါကို စောင့်ပြီး ကျနော်တို့အဖွဲ့ပေါင်းစုံ ပူပေါင်းတိုက်ခဲ့တယ်ဗျ။ (-) ၃ ကောင် နေရာမှာတင် ပွဲချင်းပြီး ငရဲရောက်၊ သေနတ် ၂ လက် ရရှိခဲ့တယ်။ တဦးကတော့ ဒဏ်ရာပြင်းထန်နဲ့ ဘုတလင်ဆေးရုံမှာ ဆေးကုနေတယ်လို့ သိရတယ်။ တဦးကတော့ ကျနော်တို့ ပစ်ခတ်ကတည်းက ထွက်ပြေးသွားတယ်။ ကျနော်တို့ဘက်ကတော့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်။”

ဘုတလင်မြို့ပေါ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်ကလည်း အခုလို မြို့အတွင်းအထိ ဝင်ရောက်ကာ မြန်မာ့စီးပွားရေးဘဏ်က အစောင့်စစ်သားတွေကို ‌ဝင်ရောက်ပစ်ခတ်ခဲ့သေးတယ်လို့ ဘုတလင်ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အနောက်ဘက် ဇီးတောကျေးရွာအနီးမှာလည်း အာဏာသိမ်း စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ မတ် ၁ ရက် မနက် ၁၀ နာရီလောက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ကျောက်လုံးကြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (KLG) က ထုတ်ပြန်ပါတယ်။

အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ၉ ဦးထက်မနည်း သေဆုံးပြီး ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်က တပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း KLG PDF တပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

“တိုက်ပွဲက ၂ နာရီကျော် ကြာတယ်ဗျ။ စစ်သားငါးဦးနဲ့ အမျိုးသမီးစစ်သည် လေးဦး သေဆုံးတယ်။ ဒါကတော့ မျက်မြင်ပေါ့ဗျာ။ အပြင်းအထန် ထိခိုက်မှုကတော့ များနိုင်တယ်။ ကျနော်တို့ဘက်က ရဲဘော်နှစ်ဦး ထိခိုက်မှုရှိတယ်” လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KLG) က ကပြောပေမဲ့ စစ်တပ်ဘက်က ကျဆုံးထိခိုက်မှုနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာမျိုးမရှိတဲ့အတွက် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

နှစ်ဖက်တိုက်ပွဲဖြစ်ပွားအပြီးမှာ စစ်ကောင်စီတပ်ဘက်က ရဟတ်ယာဉ်နဲ့ လာရောက်ပြီး လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

ဒေသကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းက မြေပြင်မှာ ကျန်ရစ်ခဲ့တဲ့ တပ်ဖွဲ့ဝင်တွေ ယင်းမာပင်မြို့တွင်း ဝင်ရောက်သွားတယ်လို့ သိရပါတယ်။

လတ်တလောမှာ စစ်ကိုင်းတိုင်းအတွင်းက ရှေ့တန်းစစ်မျက်နှာပြင်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အမျိုးသမီးစစ်သည်တွေ တွေ့နေရတယ်လို့ တိုက်ပွဲဝင်နေတဲ့ PDF တွေက ပြောပါတယ်။

စစ်ကောင်စီတပ်က စစ်ကြောင်းတွေမှာ အမျိုးသမီးစစ်သည်တွေကို ထည့်​​ပြီး တိုက်ပွဲဖော်ဆောင်လာတဲ့အတွက် စစ်တပ်အင်အား အမှန်တကယ် ယုတ်လျော့လာတာကြောင့် ဖြစ်နိုင်တယ်လို့ KLG PDF က ပြောပါတယ်။

အဆိုပါတိုက်ပွဲကို ကျောက်လုံးကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KLG PDF)၊ နဂါးညီနောင် အထူးတပ်ဖွဲ့ (DBTF)၊ Alpha Special Force၊ Triple Two Force၊ ချင်းတွင်းဂဠုန်ရာဇာ၊ Yinmarbin Local PDF၊ ဗျတ္တညီနောင်၊ ဗိုလ်နှုတ်ခမ်းမွှေးနှင့်သူ၏ရဲဘော်များ၊ ဗိုလ်မုတ်ဆိတ် တပ်ခွဲ၊ သံမဏိမြွေပွေး၊ မြောက်ယမားတပ်ဖွဲ့၊ Yinmarbin PDA စတဲ့တပ်ဖွဲ့တွေ ပါဝင်တဲ့ ပြည်ထောင်စုလွတ်မြောက်ရေးတပ်ပေါင်းစု (ULF)၊ Yoma Fighetr တပ်ဖွဲ့နဲ့ ဒေသခံ မဟာမိတ်တွေ ပူးပေါင်းပြီး တိုက်ခိုက်တာလို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ မုဆိုးခြုံဘူတာရွာကို ဖေဖော်ဝါရီ ၂၈ ရက် မနက်က အင်အား ၁၀၀ နီးပါးနဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ အာဏာသိမ်း စစ်ကောင်စီတပ်သားတွေဟာ ည ၉ နာရီကျော်မှာ ကျေးရွာထဲက ပြည်သူ့နေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

“အိမ်ခြေ ၄၉ လုံးလောက် ပါသွားတယ်ဗျ။ စစ်အုပ်ချုပ်ရေး ကြေညာလိုက်ကတည်းက ဆက်တိုက် စစ်ကြောင်းထိုးပြီး မြင်သမျှ မီးတင်နေတာဆိုတော့ ဘယ်ချိန်လာလို့ ဘယ်ကိုပြေးရမှန်းကို မသိတော့ပါဘူး” လို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

မုဆိုးခြုံဘူတာကျေးရွာဟာ အိမ်ခြေ ၃၀၀ ကျော်ရှိပြီး စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၅၀ နီးပါး မီးလောင်ဆုံးရှုံးလိုက်ရတာပါ။ ဒါ့အပြင် အသက် ၃၀ နဲ့ အသက် ၅၀ ဝန်းကျင် အမျိုးသားနှစ်ဦး ပျောက်ဆုံးနေပြီး ဘိုတဲကျေးရွာက စစ်ဘေးရှောင်နေတဲ့ ပြည်သူ ၁ ဦး အပါအဝင် ဆိုင်ကယ်တစီးကိုပါ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ် မီးရှို့သွားတယ်လို့ သိရပါတယ်။

အဲဒီနေ့ညနေပိုင်းမှာပဲ မုဆိုးခြုံဘူတာကျေးရွာကနေ ကင်းတက်ဝပ်တဲ့ စစ်ကောင်စီတပ်သားတွေကို ဒေသခံ ကာကွယ်ရေးတပ်တွေဖြစ်တဲ့ တော်ဝင်ဖီးနစ်တပ်ဖွဲ့နဲ့ မိုးလေးပေြာက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ပါသေးတယ်။ ထိခိုက်ကျဆုံးမှု အခြေအနေကို တိတိကျကျ မပြောနိုင်သေးပေမဲ့ ပစ္စည်းတချို့ ကျကျန်ခဲ့တာတွေ သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။

“မိုင်း ၃ ပွိုင့်ထိ ခွဲဆွဲနိုင်ခဲ့တာဗျ။ အထိအခိုက် သေချာမသိရပေမဲ့ ဆုတ်ပြတ်နေတဲ့ ဓားတလက်၊ ဖုန်းတလုံးနဲ့ ယူနီဖောင်းအင်္ကျီတထည် သိမ်းဆည်းရမိလိုက်ပါတယ်။ ဒီတော့ သက်တောင့်သက်သာ ပြန်ဆုတ်သွားတာ မဟုတ်ဘူးလို့ပဲ ပြောချင်ပါတယ်” လို့ တော်ဝင်ဖီးနစ် ပြောက်ကျားတပ်က ဒီဗွီဘီကို ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ အခုဆိုရင် အောင်ချမ်းသာကျေးရွာကို မီးရှို့ဖျက်​ဆီးနေတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ဖော်ပြပါတယ်။

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့အတွင်း အဝင်အထွက် သွားလာခွင့်ကို မတ် ၁ ရက်ကစပြီး ၃ ရက်နေ့ထိ အကြမ်းဖက်စစ်တပ်က ၃ ရက် ပိတ်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“မတ်လ ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ မြို့ထဲကို အဝင်အထွက်ပိတ်တာ။ မြို့နဲ့ အနီးအနားက ရွာတွေတောင် ဝင်ခွင့်မပေးဘူး။ မန္တလေးဘက် အဝင်အထွက်တခုပဲ လက်ခံတယ်။ မြို့ပတ်ပတ်လည်မှာလည်း ဂိတ်တွေဖွင့်ပြီး မြို့ပေါ်ကြီးစိုးနေတဲ့ လက်နက်ကိုင် ပျူတွေနဲ့ အုပ်ကြီးတွေ အလှည့်ကျ ကင်းစောင့်စစ်ဆေးနေကြတယ်” လို့ ကျွန်းလှမြို့နေ ပြည်သူတဦးက ပြောပါတယ်။

ကျွန်းလှမြို့အတွင်းမှာ စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားတဲ့ ပျူစောထီးအဖွဲ့တွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက လုံခြုံရေး တင်းကျပ်ထားတယ်လို့ ဆိုပါတယ်။

ကျွန်းလှမြို့နယ် အနီးနားကျေးရွာမှာ နေထိုင်တဲ့ ဒေသခံပြည်သူတဦးက “မြို့သိမ်းတိုက်ပွဲတွေ စတော့မယ် သတင်းထွက်လာတာနဲ့ မြို့ပေါ်မှာ အုပ်ကြီးနဲ့ ပျူတွေ ခြေရှုပ်ကြတယ်။ သတင်း‌တွေက မှန်လား မှားလား သူတို့မသိဘူး။ သူတို့ကတော့ အရင်ကထက် ကင်းပိုလှည့်တယ်။ အနီးဝန်းကျင်ကျေးရွာတွေက ဒေသခံပြည်သူတွေ အခက်တွေ့တာပေါ့။ အသီးအနှံနဲ့ အခြေခံစားသောက်ကုန် ဆန်၊ ဆီ၊ ကုန်ခြောက်နဲ့ လူသုံးကုန်တွေက ကျွန်းလှမြို့ပေါ်ဈေး တက်ဝယ်ရတာ။ အခုလို မြို့ထဲအဝင်မခံတော့ ပိုခက်ခဲတာပေါ့” လို့ ပြောပါတယ်။

မြို့အဝင်အထွက် သွားလာခွင့် ၃ ရက်ကြာ ပိတ်ထားတာနဲ့ပတ်သက်ပြီး ဘာကြောင့်ပိတ်တယ် ဆိုတာ စစ်ကောင်စီဘက်က ပြည်သူတွေကို အသိပေး ထုတ်ပြန်တာ မရှိသေးပါဘူး။

မြို့အဝင်အထွက် ပိတ်ထားတဲ့အတွက် မြို့အနီးကျေးရွာတွေမှာ နေထိုင်တဲ့ ပြည်သူတွေ စီးပွားရေး၊ လူမှုရေးနဲ့ ကျန်းမာရေးကိစ္စတွေ အခက်အခဲကြုံနေကြရတယ်လို့ ဒေသရွာသားခံတွေက ပြောပါတယ်။

“ဟုတ် အခုထိ ပိတ်ထားတုန်းဗျ၊ သူတို့ပဲ အဝင်အထွက် အသွားအလာရှိတယ်” လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင် တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

ကျွန်းလှမြို့ပေါ်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေနဲ့ ပျူစောထီးတွေက လက်နက်အပြည့်အစုံနဲ့ မြို့အဝင်အထွက်မှာ ဂိတ်‌တွေဖွင့်ပြီး လုံခြုံရေးယူထားကာ ဖြတ်သန်းသွားလာကြတဲ့ ပြည်သူ‌တွေဆီကနေ ငွေညှစ်တောင်းတာ‌တွေ အရင်ကတည်းက ပြုလုပ်နေပြီး အခုလည်း ဆက်တိုက်ပြုလုပ်‌နေတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင်က ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024