DVB Logo
Home
မြန်မာသတင်း
Primseng GUO အထည်ချုပ်စက်ရုံအလုပ်ရှင်က ဝန်ထမ်းများကို အနိမ့်ဆုံး လုပ်ခလစာနှုန်းဖြင့် နစ်နာကြေးပေးပြီး စက်ရုံပိတ်သိမ်း
DVB
·
March 2, 2023
Primseng GUO အထည်ချုပ်စက်ရုံအလုပ်ရှင်က ဝန်ထမ်းများကို အနိမ့်ဆုံး လုပ်ခလစာနှုန်းဖြင့် နစ်နာကြေးပေးပြီး စက်ရုံပိတ်သိမ်း
Donate to DVB

တရုတ်နိုင်ငံသားပိုင် GYSan ရုံခွဲတခုဖြစ်တဲ့ Primseng GUO အထည်ချုပ်စက်ရုံ လုပ်ငန်းရှင်က အထည်ချုပ်ဝန်ထမ်းတွေကို အနိမ့်ဆုံးလုပ်ခလစာ ၄,၈၀၀ ကျပ်နှုန်းနဲ့ နစ်နာကြေးပေးပြီး စက်ရုံပိတ်သိမ်းလိုက်တာဟာ အလုပ်သမားဥပဒေနဲ့ မညီညွတ်ဘူးလို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် မြန်မာ (STUM) က ပြောပါတယ်။

အဆိုပါအထည်ချုပ်စက်ရုံဟာ နာမည်ကြီး အမှတ်တံဆိပ်ဖြစ်တဲ့ Primark band တံဆိပ်ကို အော်ဒါယူ ချုပ်လုပ်ပေးနေတာဖြစ်ပြီး စက်ရုံပိတ်မယ့်အကြောင်းနဲ့ စပ်လျဉ်းပြီး ကြိုတင်ညှိနှိုင်းခဲ့တာ မရှိဘူးလို့ အလုပ်သမားအရေး ဆောင်ရွက်ပေးနေတဲ့ STUM အဖွဲ့က ဆိုပါတယ်။

STUM အဖွဲ့မှ တာဝန်ရှိသူတဦးက “အဲ့စက်ရုံက အနိမ့်ဆုံးလုပ်ခလစာဖြစ်တဲ့ ၄,၈၀၀ ကျပ်နဲ့ လျော်သွားတယ်။ အဲဒီလို လျော်သွားတဲ့အပြင် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီ နှစ်လအတွက် လစာကိုလည်း တလ ၁ သိန်းနှုန်းနဲ့ ဝန်ထမ်းတွေကို ပေးသွားတယ်။ ဒါက အဲ့လိုမျိုးပေးမယ်ဆိုရင် ကြိုတင်ပြီး ညှိနှိုင်းမှု ရှိရမှာလေ။ ဒါပေမဲ့ အဲဒီလို ညှိနှိုင်းမှုမရှိခဲ့ဘူး။ နောက်တချက်က စက်ရုံမှာ သမဂ္ဂရှိတယ်ဆိုရင် ဒါတွေအတွက် ညှိနှိုင်းရမယ်။ ပြီးရင် အလုပ်သမားတွေသိအောင် ထုတ်ပြန်ရမယ်။ ပြီးတော့ စက်ရုံပိတ်မယ့်အကြောင်းနဲ့ ပတ်သက်လို့ အော်ဒါမရှိဘူး၊ ပိတ်စမဝင်ဘူး ဆိုလို့ရှိရင်လည်း ငါတို့တော့ ဘယ်နှစ်ရာခိုင်နှုန်းပဲ ပေးနိုင်မယ်။ ဥပမာ အလုပ်မပေးနိုင်တဲ့ စပ်ကြားကာလမှာ ငါတို့ ဘယ်လောက်ရာခိုင်နှုန်းပေးမယ် ဆိုတာမျိုးပေါ့။ အဲ့ဒါမျိုးလည်း ညှိနှိုင်းမှု ရှိရမယ်။ ဒါပေမဲ့ အဲ့လိုမျိုး မညှိနှိုင်းခဲ့တဲ့အပြင် ပေးနေတဲ့ လုပ်ခလစာကိုပါ လျှော့ပြီးပေးခဲ့တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ပြဋ္ဌာန်းထားတဲ့ တည်ဆဲဥပဒေအရ  အလုပ်သမားအခွင့်အရေး ဆိုင်ရာ ဥပဒေနဲ့အညီ လိုက်နာဆောင်ရွက်ရမယ့် ဝတ္တရားတွေကို အလုပ်ရှင်တွေက မသိကျိုးနွံထားတဲ့အပြင် အလုပ်ရှင်အလိုကျ ဖွဲ့စည်းထားတဲ့ သမဂ္ဂတွေကြောင့် အလုပ်သမားတွေဟာ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေရတယ်လို့လည်း ဆက်လက် ထောက်ပြထားပါတယ်။

“လျော်ကြေးပေးလို့ရှိရင် အနီးစပ်ဆုံးက အလုပ်သမားအနေနဲ့ အပြည့်ရခဲ့တဲ့လစာပေါ့။ ဥပမာ ဖေဖော်ဝါရီက ၂၈ ရက်ပဲရှိတော့ လစာနည်းတယ်။ ဒါပေမဲ့ ဖေဖော်ဝါရီနဲ့ အနီးစပ်ဆုံး ဇန်နဝါရီလစာကို ပေးတယ်။ ဇန်နဝါရီက ရက်ပြည့် အလုပ်ဆင်းထားတော့ လစာများတယ်။ ဆိုတော့ အလုပ်ထုတ် နစ်နာကြေးလို့ ပြောလို့ရှိရင် အဲဒီလိုပေးရတယ်။ နောက်တခါ ပေးသင့်ပေးထိုက်တဲ့ ငွေကြေးတွေကို အပြည့်ပေးရတယ်။ ပြီးတော့ ဘာတွေပေးဖို့ ကျန်နေလဲဆိုရင် ထုတ်လုပ်မှုစွမ်းအားအတွက်ပေးတာ၊ ရက်မှန်ကြေးအတွက် ပေးတာ၊ အချိန်ပိုကြေးအတွက် ပေးတာ ဒါမျိုးတွေလည်း ပါတယ်။ ဒါကြောင့် စက်ရုံမှာရှိတဲ့ သမဂ္ဂက ဥပဒေနဲ့မညီဘူးဆိုရင် မညီတဲ့အတိုင်း ပြောရမယ်။ ဒါပေမဲ့ အဲ့ဒါတွေကို သမဂ္ဂက မငြင်းဆန်ခဲ့ဘူးဆိုတော့ အလုပ်ရှင်နဲ့ သမဂ္ဂက လက်ဝါးချင်းရိုက်ထားတာလားဆိုတာ မေးခွန်းထုတ်စရာရှိတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

အဆိုးဆုံးကတော့ စက်ရုံပိတ်သိမ်းလို့ အလုပ်ပြုတ်သွားရတဲ့ အလုပ်သမားတွေအနေနဲ့ တခြား လုပ်ငန်းခွင်အသစ်တခုမှာ အလုပ်အကိုင် အခွင့်အလမ်း မရှိရမှာကို စိုးရိမ်ကြောက်လန့်နေရတဲ့ ဖိအားက ရှိနေတဲ့အပြင် အလုပ်သမားအခွင့်အရေးဆိုင်ရာ ဥပဒေကို အကျွမ်းတဝင်မရှိ ဖြစ်နေပါတယ်။

အလုပ်သမားအရေးဆောင်ရွက်ပေးနေတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးက “သူတို့စိတ်ထဲမှာ သိထားတာက လျော်တဲ့အခါ အနိမ့်ဆုံးလုပ်ခလစာ ၄,၈၀၀ ကျပ်နဲ့ လျော်တယ်ဆိုရင် ဥပဒေနဲ့ညီတယ်လို့ပဲ သူတို့က ထင်ထားကြတာ။ နောက်တချက်က ဘာပြဿနာရှိနေလဲဆိုတော့ အလုပ်သမားတွေကိုယ်တိုင်က ဖွင့်မပြောချင်တဲ့အပိုင်းလည်း ပါတယ်။ သူတို့အနေနဲ့ ဒါမျိုး ထုတ်ဖော်ပြောလိုက်လို့ရှိရင် စက်ရုံတွေက သူတို့ကို အမည်ပျက်စာရင်းထဲ ထည့်လိုက်မှာကို စိုးရိမ်ကြောက်လန့်ကြတယ်။ အဲ့လိုမျိုးစာရင်းထဲ ပါသွားလို့ရှိရင် သူတို့ နောက်တခါ အလုပ်မရတော့ဘူးလေ” လို့ ဒီဗွီဘီကို ပြောပါတယ်။

အဆိုပါ ပိတ်သိမ်းသွားတဲ့ တရုတ်နိုင်ငံသားပိုင် GYSan ရုံခွဲတခုဖြစ်တဲ့ Primseng GUO အထည်ချုပ်စက်ရုံဟာ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့ ဝါးတရာစက်မှုဇုန်မှာ တည်ထားတာဖြစ်ပြီး အထည်ချုပ်ဝန်ထမ်း ၁,၀၀၀ ကျော် လုပ်ကိုင်နေတာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013