DVB Logo
Home
မြန်မာသတင်း
အရပ်သားတွေအပေါ် စစ်ကောင်စီလေတပ်က ပစ်မှတ်ထားတိုက်ခိုက်မှုရပ်တန့်ရန် တိုက်တွန်း
DVB
·
March 2, 2023
အရပ်သားတွေအပေါ်  စစ်ကောင်စီလေတပ်က ပစ်မှတ်ထားတိုက်ခိုက်မှုရပ်တန့်ရန် တိုက်တွန်း
Donate to DVB

မြန်မာစစ်ကောင်စီရဲ့ လေတပ်ဟာ အရပ်သားတွေ၊ အရပ်ဘက် အဆောက်အဦတွေဖြစ်တဲ့ ကျောင်းတွေ၊ ဆေးရုံဆေးခန်းတွေ၊ ဘာသာရေးအဆောက်အဦတွေနဲ့ နေအိမ်တွေ၊ ရွာတွေကို မကြုံစဖူးပစ်မှတ်ထားတိုက်ခိုက်နေတာကိုရပ်တန့်ဖို့ ကနေဒါနိုင်ငံအခြေစိုက် ADDB (Associates to Develop Democratic Burma Inc.)အဖွဲ့က အစီရင်ခံစာ ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ဗိုလ်နေဝင်းကဦးဆောင်ပြီး ပထမဆုံးအကြိမ်  စစ်တပ် အာဏာသိမ်းခဲ့တာ ၆၁ နှစ်ပြည့်တဲ့ အခုနှစ် မတ်လ ၂ ရက်နေ့မှာ  စာမျက်နှာ ၄၄ မျက်နှာပါတဲ့အစီရင်ခံစာကို ထုတ်ပြန်လိုက်တာပါ။

ADDBအဖွဲ့တည်ထောင်သူ မြန်မာသမ္မတဟောင်း စဝ်ရွှေသိုက်ရဲ့သား ဦးဟန်ယောင်ဝေက “အာဏာသိမ်းမှုကြောင့် သေဆုံးရတဲ့အထဲမှာ လွန်ခဲ့တဲ့ ၆၁ နှစ်က အသက် ၁၇ နှစ်ပဲရှိသေးတဲ့ ကျနော့် ညီက ပထမဆုံးပဲ။ ရန်ကုန်က ကျနော်တို့ မိသားစုနေအိမ်ကို စစ်တပ်က ဝင်စီးနင်းပြီး လက်နက်မရှိတဲ့ ကျနော့်ညီ (စဝ်မီမီသိုက်(ခ)စဝ်ဆေဟုန်) ကို အသေပစ်သတ်ခဲ့တယ်။ လွှတ်တော်အမတ်ဖြစ်တဲ့ ကျနော့်အမေကိုလည်း လက်နက်ကိုင်လူဆိုးတစ်ယောက်လို အော်ဟစ်ခေါ်ခဲ့ကြတယ်။ အဲဒီကနေ နောက်ထပ် နှစ်ပေါင်း ၆၀ ကြာတော့လည်း ဒီစစ်တပ်ကပဲ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အရပ်သားတွေကို အကြမ်းဖက်သမားတွေဆိုပြီး နာမည်တပ်ကြတယ်။ သူတို့ကိုယ်တိုင်ကတော့ ဖိုက်တာဂျက်တွေ၊ ရဟတ်ယာဉ်တွေပေါ်က သေနတ်တွေနဲ့ အရပ်သားတွေကို ပစ်သတ်နေကြတယ်။ အရပ်သားတွေအပေါ် အကြမ်းဖက်နေတာတွေ ရပ်တန့်ဖို့လိုတယ်” အစီရင်ခံစာမှာ ပြောပါတယ်။ 

မြန်မာပြည်တွင်းမှာ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံရသူ စုစုပေါင်း ၂၄၀၆၅ ဦးရှိပြီဖြစ်ကြောင်း၊ လေကြောင်းကတိုက်ခိုက်မှုနဲ့ လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေအပါအဝင် လက်နက်ကိုင်အကြမ်းဖက်မှုတွေကြောင့် သေဆုံးရသူစုစုပေါင်း ၂၇၅၀ ကျော်ရှိပြီဖြစ်ကြောင်း အဲဒီအစီရင်ခံစာက ပြောပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း စစ်အာဏာရှင်တွေက တိုက်ခိုက်တာရော စစ်အာဏာရှင်တွေကိုတိုက်ခိုက်တာရော စုစုပေါင်း ကြိုတင်ပြင်ဆင်အကြမ်းဖက်မှု ၁၁၀၀၀ ကျော်ကို မှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်။ 

အဲဒီထဲက ၇၆၀ ခန့်ဟာ အရပ်သားရွာတွေ၊ ဒုက္ခသည် သို့မဟုတ် အိုးအိမ်မဲ့ဖြစ်သွားသူတွေ ယာယီနေထိုင်ရာနဲ့ လက်နက်ကိုင်တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေကို မြန်မာစစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်သည်အင်အားအမြောက်အများဆုံးရှုံးရမှုဟာ မအောင်မြင်တဲ့ အာဏာသိမ်းမှုရဲ့ ဒုတိယနှစ်အတွင်းမှာ လေကြောင်းကနေတိုက်ခိုက်မှု ၄၀၀ ရာခိုင်နှုန်းအထိ တိုးမြှင့်တိုက်ခိုက်လာရခြင်းရဲ့ အကြောင်းရင်းလည်းတယ်လို့ အဲဒီအစီရင်ခံစာက ဆိုပါတယ်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ မြန်မာ့တော်လှန်ရေးခေါင်းဆောင်တွေနဲ့ အစည်းအဝေးမှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်း ဒါတိုဆရီဆိုင်ဖူဒင်ဘင်အဗ္ဗဒူလာက အရပ်သားတွေအပေါ် မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကို နိုင်ငံတော်အကြမ်းဖက်မှုအဖြစ် သုံးနှုန်းခဲ့ပါတယ်။ 

ADDB ရဲ့ အစီရင်ခံစာမှာလည်း ဆိုင်ဖူဒင်ရဲ့ အမြင်အတိုင်း ပြန်လည်ဖော်ပြထားပြီး ဒေသတွင်းနိုင်ငံတွေအနေနဲ့ လေယာဉ်ဆီတင်ပို့ရောင်းချတာလိ့ အကြမ်းဖက်မြန်မာစစ်တပ်ရဲ့ ရာဇဝတ်မှုတွေကို ကူညီထောက်ပံ့နေတဲ့ ကုမ္ပဏီတွေကို ဝိုင်းဝန်းတားမြစ်ပေးကြဖို့ တောင်းဆိုထားပါတယ်။

အဲဒီအစီရင်ခံစာဟာ KNU ၊ CNF ၊ KIA ၊ KNPP ၊ သံလွင်ပြည်သူ့ရေးရာမူဝါဒလေ့လာရေးအဖွဲ့၊ ကရင်လူ့အခွင့်အရေးအဖွဲ့အစည်းနဲ့ Free Burma Rangers တို့လို အဖွဲ့အစည်းအမျိုးမျိုးက သုတေသနပြု စာတမ်းထုတ်ပြန်ထားတဲ့ အချက်အလက်တွေကို စုပေါင်းပြီး ထုတ်နုတ် တင်ပြထားတာလည်းဖြစ်ပါတယ်။

ADDB ရဲ့ အဲဒီအစီရင်ခံစာမှာ စစ်တပ်ဘက်က ပေါက်ကြားလာတဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့က စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေရဲ့ အစည်းအဝေးပါ အချက်အလက်တွေကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။

စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရတဲ့ စစ်အာဏာရှင်အဖွဲ့အစည်းဟာ ဆယ်စုနှစ်ပေါင်းများစွာ သူတို့ကျင့်သုံးလာခဲ့တဲ့ အကြမ်းဖက်သောင်းကျန်းသူတွေရဲ့ စစ်ဘက်ဆိုင်ရာပစ်မှတ်တွေကိုသာ လေကြောင်းကနေ တိုက်ခိုက်မယ်ဆိုတဲ့ မူဝါဒကို မင်းအောင်လှိုင်ရဲ့ ဦးဆောင်မှုအောက်မှာ မကြုံစဖူးပြောင်းလဲခဲ့ရတဲ့အကြောင်းတွေကို အဲဒီအစီရင်ခံစာမှာ ပထမဆုံးအကြိမ်အဖြစ် အကျယ်တဝင့်လေ့လာ တင်ပြထားပါတယ်။

မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ စစ်တပ်ဟာ အခုချိန်မှာ နိုင်ငံအနှံ့ ဖြစ်ပွားနေတဲ့တော်လှန်ရေးလှုပ်ရှားမှုတွေကို ထောက်ပံ့တဲ့ အရပ်သား၊ နိုင်ငံရေး သမားနဲ့ လူ့အခွင့်အရေးဆိုင်ရာလှုပ်ရှားသူကိုမဆို အကြမ်းဖက်သမားအဖြစ် သတ်မှတ် ဖမ်းဆီးသတ်ဖြတ်နေတာ ဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ဟာ မြန်မာနိုင်ငံက ဘာသာရေးအဆောက်အဦတွေ၊ ကျောင်းတွေ၊ ဆေးခန်းဆေးရုံတွေ အစရှိတဲ့ အရပ်သားပစ်မှတ်တွေကို အကြိမ်ပေါင်းများစွာ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ ၈၈ ဒဿမ ၄ ရာခိုင်နှုန်းရှိသော မြို့နယ်တွေမှာ လက်နက်ကိုင်အကြမ်းဖက်မှုတွေကို ခံစားခဲ့ရကြောင်း MMC-M (Media Monitor Collective - Myanmar) က ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013