
မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် ဒေသတွင်းလုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေး အပေါ်မှာ သက်ရောက်မှုတွေရှိနေပြီး နိုင်ငံတွင်းငြိမ်းချမ်းရေးရှိဖို့ အာဏာသိမ်း စစ်ခေါင်းဆောင်တွေကို အာဆီယံနဲ့ ပူးပေါင်းလုပ်ဆောင်နိုင်အောင် သိမ်းသွင်းစည်းရုံးနိုင်မယ့် နည်းလမ်းအသစ်တွေကို မဖြစ်မနေရှာဖွေရမှာဖြစ်တယ်လို့ မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မ်က ပြောပါတယ်။
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာနဲ့ မတ်လ ၁ ရက်နေ့က တွေ့ဆုံအပြီးမှာ ပြောဆိုသွားတာဖြစ်ပါတယ်။ မဖြေရှင်းနိုင်တဲ့မြန်မာပြဿနာဟာ မလေးရှားနိုင်ငံ အပေါ်မှာရိုက်ခတ်မှုရှိနေပြီး အခုဆိုရင် မြန်မာနိုင်ငံကနေထွက်ပြေးလာကာ မလေးရှားနိုင်ငံမှာ ခိုလှုံလာတဲ့သူ အရေအတွက်ဟာ ၂ သိန်းကျော်သွားပြီလို့ မလေးရှားဝန်ကြီးချုပ်ကပြောပါတယ်။
မလေးရှားဝန်ကြီးချုပ် အန်ဝါက “ကျနော့်အနေနဲ့ အသေအချာအကြံပြုရရင် မြန်မာနိုင်ငံအရေးဟာ ဒေသတွင်း လုံခြုံရေးနဲ့ လူမှုဖူလုံမှုအပေါ်မှာ ထိခိုက်မှုရှိလာတာကြောင့် ဒါဟာ ပြည်တွင်းရေး သက်သက်ဆိုပြီးယူဆလို့မရတော့ဘဲ ဒီလိုထင်ရှားနေတဲ့ ပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် အာဆီယံအဖွဲ့အတွင်းမှာ မြန်မာစစ်ခေါင်းဆောင်တွေ လက်တွဲလုပ်ကိုင်လာအောင် အယုံသွင်းနိုင်မယ့် နယ်ပယ်အသစ်တွေကို ရှာဖော်ဖော်ထုတ်သင့်ပါတယ်”လို့ပြောပါတယ်။
၂၀၂၁ ခုနှစ်မှာ ရွေးကောက်ခံအရပ်သားအစိုးရထံကနေ စစ်တပ်က အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံမှာ လူမှုရေး၊ နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ မငြိမ်မသက်မှုတွေ နေရာတိုင်းမှာ ကြုံနေရပါတယ်။
ဖိလစ်ပိုင်သမ္မတမားကို့စ် ဂျူနီယာပြောတဲ့ အာဆီယံက ချမှတ်ထားတဲ့ မြန်မာ့အရေးဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ဖို့ လိုတယ်ဆိုတဲ့ မှတ်ချက်ကိုလည်းသဘောတူတယ်လို့ မလေးရှား၀◌န်ကြီးချုပ်က ပြောပါတယ်။ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ပက်သက်လို့ အကျိုးရှိတဲ့ ဆွေးနွေးပွဲ ဖြစ်တယ်လို့လည်း ဖိလစ်ပိုင် သမ္မတကပြောပါတယ်။
ဖိလစ်ပိုင်သမ္မတ မားကို့စ် ဂျူနီယာက“ကျနော်နဲ့ ဝန်ကြီးချုပ် ဒါတိုအန်ဝါအီဘရာဟင်မ်ဟာ ဖိလစ်ပိုင်-မလေးရှား နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးနဲ့ ပက်သက်ပြီး အကျိုးရှိတဲ့ဆွေးနွေးမှုတစ်ခုအဖြစ် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြတာပါ။ ကိုဗစ်ကပ်ရောဂါကို ကျော်ဖြတ်ကာ ပုံမှန်နှစ်သစ်တွေဆီကို ဖြတ်သန်းရင်း နှစ်နိုင်ငံအကြား ဆက်ဆံရေး ပြန်လည်အသက်ဝင်လာအောင် ဆောင်ရွက်လိုတဲ့ဆန္ဒကို ထပ်လောင်းအတည်ပြုခဲ့ကြပါတယ်”လို့ ပြောပါတယ်။
အာဆီယံအနေနဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာဆိုင်ရာ ပြည်တွင်းရေးကိစ္စတွေမှာ ဝင်ရောက် မစွက်ဖက်ရဘူးဆိုတဲ့ မူဝါဒကို ကာလရှည်ကြာ ကိုင်စွဲလာခဲ့တာပါ။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးကတည်းက သဘောတူညီထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်အပေါ်မှာ စစ်အစိုးရက လက်တွေ့ အကောင်အထည်ဖော်တာ မရှိတာကြောင့် ဒေသတွင်းနိုင်ငံတွေကပါ စိတ်ပျက်လာခဲ့တာပါ။
ဒါကြောင့် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံစလုံးက အဆင့်မြင့်အစည်းအဝေးတွေမှာ မြန်မာဗိုလ်ချုပ်ကြီးတွေကို တက်ရောက်ခွင့် တားမြစ်ထားပြီး စစ်အစိုးရကိုဝေဖန်လေ့ရှိတဲ့ မလေးရှားနိုင်ငံကတော့ ပိုမိုတင်းကျပ်စွာ အရေးယူဆောင်ရွက်ဖို့ တောင်းဆိုခဲ့ပါတယ်။
ဒါဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ပြည်တွင်းရေးဝင်ရောက်စွက်ဖက်မှု ဖြစ်တယ်ဆိုပြီး မြန်မာစစ်အစိုးရဘက်ကလည်း ဒေါသတကြီး တုံ့ပြန်ခဲ့ပါတယ်။ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံကတော့ မြန်မာ့အရေး ပါဝင်ပတ်သက်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံမှု စတင်တော့မှာဖြစ်တယ်လို့ ပြောထားပါတယ်။