
အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံတွေမှာ ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသား မိဘနှစ်ပါးကနေ မွေးဖွားတဲ့သားသမီးတွေအတွက် မွေးစာရင်းလက်မှတ် ထုတ်ပေးသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ကြေညာပါတယ်။
အဆိုပါ မွေးစာရင်းလုပ်ငန်းအား မတ်လ ၁ ရက်က စတင်ဆောင်ရွက်ပြီး ပြည်ပရောက်မြန်မာနိုင်ငံသားတွေ လာရောက်ဆောင်ရွက်နိုင်ကြောင်း ဖော်ပြထားပါတယ်။
ပြည်ပရောက်အမျိုးသားတစ်ဦးက “NUG ကနေ အဲလို မွေးစာရင်းထုတ်ပေးတာ ကျနော်တို့လည်း ဝမ်းသာပါတယ်။ ကျနော်တို့ သားသမီးတွေရဲ့ ပညာရေးအတွက်လည်း အထောက်အပံ့ ဖြစ်တာပေါ့”လို့ ပြောပါတယ်။
NUG အစိုးရအနေနဲ့ ပြည်သူလူထုတွေ၊ အထူးသဖြင့် ရွေ့ပြောင်းလုပ်သားတွေအတွက် ဒီထက်ပိုပြီး ပြည်သူ့ဝန်ဆောင်မှုတွေ လုပ်ဆောင်ပေးဖို့ ၊ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့သက်တမ်းတိုးတဲ့ ကိစ္စတွေကိုလည်း ဆောင်ရွက်ပေးဖို့ ပြည်ပရောက်မြန်မာတွေက လိုလား ဆန္ဒရှိနေကြပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်အောက်ခံ သံရုံးတွေနဲ့ အဆက်အဆံ မလုပ်ချင်တဲ့ ပြည်ပရောက်မြန်မာတွေဟာ ပတ်စ်ပို့သက်တမ်းတိုးဖို့ အခက်အခဲနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။
ပြည်ပရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ မိမိတို့သား/သမီးတွေအတွက် မွေးစာရင်းလက်မှတ် လျှောက်ထားထုတ်ယူနိုင်ဖို့အတွက်တော့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနရဲ့ ဝက်ဆိုက် လိပ်စာ https://mohai.nugmyanmar.org/နဲ့ Immigration Department of MoHAI-NUG Facebook Page တွေမှာ ဆက်သွယ်ချိတ်ဆက် ဆောင်ရွက်နိုင်ပြီလို့ သိရပါတယ်။
စစ်အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံတော်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေးနဲ့ ပညာရေးအပါအဝင် ကဏ္ဍအသီးသီးမှာ အလုံးစုံယိုယွင်းပျက်စီးနေတာဖြစ်ပြီး ပြည်သူလူထု ရင်ဆိုင်နေရတဲ့ စီးပွားပျက်ကပ်၊ လူနေမှုဘဝမလုံခြုံမှု၊ ဘေးဒုက္ခတွေကနေ လျော့ပါူ သက်သာနိုင်ရေး အတတ်နိုင်ဆုံးကြိုးစားဆောင်ရွက်နေတယ်လို့လည်း NUG ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။