
ထိုင်းနိုင်ငံအနောက်ပိုင်း၊ ပရကျုပ်ခီရီခန်ခရိုင်ထဲမှာ တရားမဝင် ဝင်ရောက်လာပြီး မလေးရှားနိုင်ငံကို ဆက်သွားမယ့် ကလေးငယ်တွေ အပါအဝင် ရိုဟင်ဂျာတွေနဲ့ မြန်မာနိုင်ငံသား ၁၁၈ ဦး ဖမ်းဆီးခံရတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက် ညက ပရကျုပ်ခီရီခန်ခရိုင်၊ ဘန်ဆဖန်းမြို့နယ်၊ နောင်မုံးခုန်းရပ်ကွက် ဖစ်ကဆဲမ်လမ်းမကြီးပေါ်မှာ ၆ ဘီးကား ၁ စီးရပ်ထားပြီး အထဲက စကားပြောသံတွေ ကြားရတယ်လို့ တိုင်ကြားချက်ရတဲ့အတွက် သွားရောက်စစ်ဆေးခဲ့တယ်လို့ ဘန်ဆဖန်းနယ်မြေ ရဲတပ်ဖွဲ့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။
အဆိုပါနေရာမှာ အပြာရောင် အီစူဇူး ၆ ဘီးကား ၁ စီး ရပ်ထားပြီး ကားနောက်ခန်းမှာ အမြင့် ၁၂ ပေခန့်ရှိ ကွန်တိန်နာသေတ္တာကြီးကို တင်ဆောင်လာကြောင်း၊ ကားရဲ့နံရံမှာလည်း Music Home Instruments ဆိုင်းဘုတ်ကြီးတပ်ထားတယ်လို့ ဆိုပါတယ်။
ယာဉ်မောင်းသမားကိုတော့ မတွေ့ရကြောင်း၊ ဒီမတိုင်ခင်က ကားပိုင်ရှင်က ယာဉ်မောင်းကို ဆက်သွယ်ရာမှာ ယာဉ်မောင်းက ကားပျက်နေတယ်လို့ ပြောလို့ လိုက်လာခဲ့ကြောင်း၊ ဒီရောက်မှ ယာဉ်မောင်းကိုမေးတဲ့အခါ ဝပ်ရှော့က ကားပြင်ဆရာကို သွားခေါ်နေတယ်လို့ ဖုန်းဆက်ပြီး ကားနောက်ခန်းထဲကနေ လူသံတွေကြားလို့ သင်္ကာမကင်းဖြစ်တာနဲ့ ရဲကို အကြောင်းကြားလိုက်တာလို့ ဆိုပါတယ်။
တာဝန်ရှိသူတွေက ကွန်တိန်နာကိုစစ်ဆေးဖို့ တံခါးဖွင့်လိုက်တဲ့အခါ အထဲမှာ လူတွေ ကြပ်ညပ်လိုက်ပါလာတာ တွေ့ရကြောင်း၊ သူတို့ဟာ တရားမဝင် ဝင်ရောက်လာတဲ့ ရိုဟင်ဂျာနဲ့ မြန်မာတွေဖြစ်ပြီး အမျိုးသား ၇၅ ဦး၊ အမျိုးသမီး ၃၁ ဦး စုစုပေါင်း ၁၀၆ ဦးရှိကြောင်း၊ အဲဒီထဲမှာ အသက် ၁၅ နှစ်အောက် ကလေး ၂၁ ဦးပါတယ်လို့ ဆိုပါတယ်။
စစ်ဆေးချက်အရ သူတို့ဟာ မဲဆောက်ဘက်ကနေ ဝင်လာပြီး မြန်မာပွဲစားအဆက်အသွယ်နဲ့ မလေးရှားမှာ အလုပ်သွားလုပ်ဖို့ဖြစ်ကြောင်း၊ ပွဲစားတွေက ကားနဲ့ တဆင့်ပြီးတဆင့် ပြောင်းခေါ်လာရာမှာ အဲဒီနေ့က ဘန်ကောက်ကနေ ထွက်လာပြီး ချွန်းဖွန်းခရိုင် လန်ဆွန်မြို့ကို ဆက်သွားစဉ် ခုလိုအဖမ်းခံရတာလို့ ဆိုပါတယ်။
ကားမောင်းသမားကတော့ ပေါ်မလာတာကြောင့် ထွက်ပြေးသွားပြီလို့ ရဲကယူဆပါတယ်။ သူတို့ ၁၀၆ ဦးလုံးကိုတော့ လဝကဥပဒေနဲ့ အရေးယူဖို့ ဘန်ဆဖန်းမြို့နယ်ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။
အဲဒီနေ့ တနေ့တည်းမှာပဲ ပရကျုပ်ခီရီခန်မြို့နယ် ဟွေ့ဆိုင်းကျေးရွာအုပ်စု ဘန့်ပုန်ရွာက နာနတ်တောထဲမှာ ပုန်းအောင်းနေတဲ့ တရားမဝင် မြန်မာနိုင်ငံသား ၁၂ ဦး (ကျား ၇ ဦး၊ မ ၅ ဦး) တို့ကို ဖမ်းမိခဲ့ပါသေးတယ်။
သူတို့ဟာ ရန်ကုန်နဲ့ ရခိုင်ပြည်နယ်ကဖြစ်ပြီး မလေးရှားမှာ အလုပ်သွားလုပ်ဖို့ ၁ ဦးကို ဘတ်ငွေ ၂၅,၀၀၀ နဲ့ ဝင်လာကြောင်း၊ နာနတ်တောထဲကနေ လာခေါ်မယ့်ပွဲစားကို စောင့်ဆိုင်းစဉ် အဖမ်းခံရတာလို့ သတင်းမှာ ဖော်ပြသွားပါတယ်။