
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့မှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ထိမှန်ပြီး စာကျက်နေတဲ့ ကျောင်းသား ညီအစ်ကို ၂ ယောက် သေဆုံးသွားတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF - တပ်ရင်း ၁၁ က ထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက် ည ၇ နာရီခွဲလောက်က ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာအုပ်စုရှိ ဘုန်းကြီးကျောင်းအတွင်းကို စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျရောက် ပေါက်ကွဲကာ ဘုန်းကြီးကျောင်းမှာ စာကျက်နေတဲ့ ၁၀ တန်းကျောင်းသား နှစ်ဦးဖြစ်တဲ့ အသက် ၁၉ နှစ် အရွယ် အစ်ကိုဖြစ်သူနဲ့ အသက် ၁၅ နှစ် အရွယ် ညီဖြစ်သူတို့ သေဆုံးခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် လက်နက်ကြီးကျည်ထိမှန်ပြီး ဘုန်းကြီးကျောင်း၊ ဓမ္မာရုံ၊ ဇရပ်၊ ဘုရားဆင်းတုတော်တွေ၊ မီးစက်နဲ့ တခြားအသုံးအဆောင်ပစ္စည်းတွေလည်း ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၂၇ ရက် ကလည်း ဖယ်ခုံမြို့ အခြေစိုက်စစ် ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိတဲ့ ကျေးရွာတွေကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာအုပ်စုအတွင်း လက်နက်ကြီး ၃ လုံး ကျရောက်ပေါက်ကွဲပြီး ၈နှစ်အရွယ် ကလေးငယ် တစ်ဦးအပါအဝင် အပြစ်မဲ့ ပြည်သူ ၂ ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။
ဖယ်ခုံမြို့နယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ နေ့စဥ်ရက်ဆက် အကြောင်းမဲ့ ပစ်ခတ်နေတာကြောင့် ပြည်သူတွေအနေနဲ့ ဘေးကင်းလုံခြုံရေးအတွက် သတိဝီရိယနဲ့ နေထိုင်ကြဖို့ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် - KNDFက တိုက်တွန်းထားပါတယ်။