DVB Logo
Home
မြန်မာသတင်း
ဂျပန်က မြန်မာကို လူသားချင်းစာနာထောက်ထားမှုအကူအညီ ဒေါ်လာ သန်း ၆၀ ကျော် ထပ်ပေးမည်
DVB
·
March 2, 2023
ဂျပန်က မြန်မာကို လူသားချင်းစာနာထောက်ထားမှုအကူအညီ ဒေါ်လာ သန်း ၆၀ ကျော် ထပ်ပေးမည်
Donate to DVB

ဂျပန်နိုင်ငံက မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၆၀ ဒသမ ၃ သန်း ထပ်မံပေးအပ်သွားမယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့နှစ်တွေကတည်းက ဆိုးရွားလာတဲ့ အခြေအနေတွေကြောင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်မှု လျှင်မြန်စွာ တိုးလာမှုကို တုံ့ပြန်တဲ့အနေနဲ့ ခုလိုပေးအပ်သွားဖို့ လုပ်ဆောင်တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီအကူအညီကို ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၊ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF)၊ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) နဲ့ သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး အာဆီယံညှိနှိုင်းရေးစင်တာ (AHA Centre) တို့ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေက တဆင့် ထိခိုက်ခံစားရသူတွေဆီ ထောက်ပံ့ကူညီသွားမယ်လို့ ဆိုပါတယ်။

“ဂျပန်နိုင်ငံက အစားအသောက်၊ ဆေးဝါးပစ္စည်းနဲ့ အမိုးအကာတွေအပြင် ရေနဲ့ မိလ္လာဆိုင်ရာ အခြေခံအဆောက်အအုံတွေ၊ အာဟာရမြှင့်တင်ရေး၊ ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုတွေ၊ ပညာသင်ကြားခွင့်နဲ့ တရားမဝင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အစီအမံတွေကိုလည်း ပံ့ပိုးပေးမှာ ဖြစ်ပါတယ်” လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးချိန်ကတည်းက မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာ အကြမ်းဖက်မှုတွေ ကြုံနေရဆဲဖြစ်ပြီး ရလဒ်အနေနဲ့ကတော့ မြန်မာနိုင်ငံက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေက ပိုဆိုးဝါးလာနေတယ်လို့ ဂျပန်က ဆိုပါတယ်။

ပြည်တွင်း ရွှေ့ပြောင်းနေထိုင်သူတွေ အပါအဝင် မြန်မာနိုင်ငံသား ၁၇ ဒသမ ၆ သန်းဟာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး လက်ရှိအချိန်အထိ ဂျပန်နိုင်ငံအနေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း NGO တွေကတဆင့် မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှု အကူအညီ အမေရိကန်ဒေါ်လာ ၄၇ သန်းကျော် ပေးအပ်ခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလိုအကူအညီတွေ ပေးအပ်နိုင်ဖို့ မြန်မာနိုင်ငံဘက်က လုံခြုံစိတ်ချရပြီး အဟန့်အတားကင်းတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ဝင်ရောက်ခွင့်ပြုဖို့ တိုက်တွန်းထားပြီး ဂျပန်နိုင်ငံအနေနဲ့ တက်ကြွစွာ ပံ့ပိုးပေးသွားမယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013