စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေကို ဒေသခံ စုပေါင်း ကာကွယ်ရေးတပ်တွေက မနေ့ကနဲ့ ဒီနေ့ ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား အများအပြားသေပြီး အကြမ်းဖက် စစ်ကောင်စီက ရွာတရွာလုံးကို မီးရှို့ဖျက်ဆီးလိုက်ပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်နေ့က ယင်းမာပင်မြို့နယ်၊ ကျွန်းတောကျေးရွာနားမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံစုပေါင်းကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က အထိအခိုက် အကျအဆုံးများတယ်လို့ မြောက်ယမား ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ တာဝန်ခံက ပြောပါတယ်။
အထိနာသွားတဲ့ စစ်ကောင်စီတပ်တွေဟာ ညပိုင်းမှာ ယင်းမာပင်မြို့နယ် ကုန်းရွာကို မီးရှို့ခဲ့ကြပြီး ရွာမှာကျန်ခဲ့တဲ့ ပြည်သူ ၄ ယောက်ကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။
မြောက်ယမား ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ တာဝန်ခံက “သေဆုံးသူတွေအကြောင်းတော့ သေချာမသိရသေးဘူး။ စစ်တပ်ဘက်က သေတာ အနည်းဆုံး ၄၀ ကျော်ပဲ။ သူတို့လာတာ ၁၀၀ ကျော်မှာ မြို့ထဲပြန်ဝင်နိုင်တာ ၅၀ ကျော်ပဲ ရှိတယ်။ ရှယ်ကြိတ်တာ။ ဗိုလ်မှူးတယောက်နဲ့ ဗိုလ်တယောက်သေတယ်။ ပြီးတော့ သူတို့အဖွဲ့ဝင် စစ်မေတယောက်လည်း သေတယ်” လို့ ပြောပါတယ်။
ဒီနေ့ မတ် ၁ ရက်နေ့ မနက်ပိုင်းမှာလည်း ကုန်းရွာကနေ ပြန်ထွက်လာတဲ့ စစ်ကောင်စီတပ်တွေကို ဒေသခံကာကွယ်ရေးတပ်တွေက တိုက်ခိုက်နိုင်ခဲ့ပြီး အကြမ်းဖက်စစ်သားတွေ အများအပြားထပ်သေသွားသလို ပြည်သူ့ကာကယ်ရေး တပ်သား ၂ ယောက်ကတော့ မစိုးရိမ်ရတဲ့ ဒဏ်ရာရခဲ့တယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီမီးရှို့ခဲ့တဲ့ ကုန်းရွာဟာ ရွာလုံးကျွတ်မီးလောင်ပျက်စီးခဲ့ပြီး ဒီမနက်ပိုင်းမှာ စစ်ကောင်စီဘက်က ရဟတ်ယာဉ် ၂ စင်းနဲ့ ၂ နာရီကျော်ကြာ လာရောက် ပစ်ခတ်ပေးခဲ့သေးတယ်လို့လည်း သိရပါတယ်။