DVB Logo
Home
မြန်မာသတင်း
စစ်တပ်က သတ်ဖြတ်ခဲ့သည့် အပြစ်မဲ့ပြည်သူ ၃,၀၇၀ ကျော်အနက် ကလေးငယ် ၃၀၀ ခန့် ပါဝင်
DVB
·
March 1, 2023
စစ်တပ်က သတ်ဖြတ်ခဲ့သည့် အပြစ်မဲ့ပြည်သူ ၃,၀၇၀ ကျော်အနက် ကလေးငယ် ၃၀၀ ခန့် ပါဝင်
Donate to DVB

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်တဲ့ မြန်မာ့နွေဦးတော်လှန်ရေး ၂ နှစ်ကျော် ကာလအတွင်း အကြမ်းဖက်စစ်တပ်က အပြစ်မဲ့ပြည်သူ ၃,၀၇၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး အဲဒီထဲမှာ အရွယ်မရောက်သေးတဲ့ ကလေးသူငယ် အယောက် ၃၀၀ နီးပါး ပါဝင်နေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စု အာဏာသိမ်းပြီးချိန်ကတည်းကနေ အခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်အထိ အေအေပီပီကနေ ကောက်ယူမှတ်တမ်းတင်ထားတဲ့ အဖမ်းအဆီးနဲ့ သေဆုံးအချက်အလက်တွေ ထုတ်ပြန်ချက်မှာ ဖော်ပြလိုက်တာဖြစ်ပြီး ကျဆုံးပြည်သူတွေထဲ စစ်ကိုင်းတိုင်းက အယောက် ၁,၀၀၀ ကျော်နဲ့ အများဆုံး ပါဝင်နေတာပါ။ အဲဒီနောက်မှာတော့ မန္တလေးတိုင်း၊ ရန်ကုန်တိုင်းနဲ့ မကွေးတိုင်းတွေက ကျဆုံးပြည်သူဦးရေ အများဆုံး ရှိနေတယ်လို့ ဆိုပါတယ်။

အဆိုပါ ကျဆုံးပြည်သူစုစုပေါင်းထဲမှာ ဖမ်းဆီးခံရပြီးနောက် သတ်ဖြတ်ခံရတဲ့ ရာခိုင်နှုန်းကတော့ ၃၄ ဒသမ ၆ ရာခိုင်နှုန်းထိ ရှိခဲ့ပြီး အမျိုးသမီးဦးရေ ၁၂ ဒသမ ၇ ရာခိုင်နှုန်းထိ ပါဝင်နေတာပါ။

ဒါ့အပြင် တော်လှန်ရေး ၂ နှစ်ကျော် ကာလအတွင်း ဖမ်းဆီးခံရတဲ့ စာရင်းမှာတော့ စုစုပေါင်းပြည်သူ ၁၉,၉၃၆ ယောက်ထိ ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲက ၁၆,၀၇၅ ယောက်ကတော့ လက်ရှိအချိန်ထိတိုင်အောင် ဖမ်းဆီးထိန်းသိမ်းခံနေရဆဲဖြစ်တယ်လို့ အေအေပီပီက ပြောပါတယ်။

အဆိုပါ ဖမ်းဆီးခံရသူတွေထဲမှာတော့ အမျိုးသမီးဦးရေ ၂၀ ဒသမ ၅ ရာခိုင်နှုန်းထိ ပါဝင်နေပြီး ကလေးသူငယ်ဦးရေကတော့ ၂ ဒသမ ၇ ရာခိုင်နှုန်းထိ ပါဝင်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုရဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ ဗုံးကြဲမှုတွေ အပါအဝင် စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နှိပ်စက်မှုတွေ၊ လိင်အကြမ်းဖက်မှုတွေလည်း တိုးပွားလာနေပြီး ကာလရှည်ကြာလာတဲ့ ပဋိပက္ခကြောင့် ပြည်သူ ၁၇ သန်းကျော် အကူအညီတွေ လိုအပ်နေကာ ပြည်သူ ၁ သန်းခွဲကတော့ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ ပြည်သူလူထုတရပ်လုံးရဲ့ ပြတ်သားတဲ့ စိတ်ပိုင်းဖြတ်မှု၊ စွန့်လွှတ်စွန့်စားမှု၊ ရဲစွမ်းသတ္တိနဲ့ တစိုက်မတ်မတ် ကြိုးစားအားထုတ်မှုတွေကို အရင်းတည်ပြီးတော့ တော်လှန်ရေးအုတ်မြစ်ဟာ အခြေခိုင်ခဲ့ကာ လက်ရှိအချိန်မှာ ဘယ်သူကမှ ဖြိုလှဲဖျက်ဆီးပစ်လို့ မရနိုင်တဲ့ ခိုင်မာအားကောင်းမှုတခုနဲ့ ရှေ့ဆက်နေပြီဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီရဲ့ တရားမဝင် အတုအယောင်ရွေးကောက်ပွဲ အပါအဝင် တခြားသော ခြေလှမ်းတိုင်း၊ လုပ်ရပ်တိုင်းဟာ ပြည်သူ့အချုပ်အခြာအာဏာကို မတရားရယူဖို့ ကြိုးစားတဲ့ အာဏာဖီဆန်မှုမြောက်တဲ့ ဥပဒေချိုးဖောက်မှုတွေသာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရတရပ်ဖြစ်တဲ့ NUG အစိုးရအနေနဲ့ အဆိုပါ ဥပဒေချိုးဖောက်မှုတွေမှာ တာဝန်ရှိသူတွေအားလုံးကို တရားဥပဒေရှေ့မှောက်ကို ပို့ဆောင်ပြီး ထိခိုက်နစ်နာခဲ့ရသူ အားလုံးအတွက် တရားမျှတမှုကို ရယူပေးနိုင်ဖို့လည်း ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013