
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အေးသာယာရပ်ကွက်၊ အေးသာယာဈေးအနောက်လမ်း နေအိမ်တွေမှာ မတ်လ ၁ ရက် ဒီကနေ့ မီးလောင်မှုဖြစ်ပြီး အသက် ၈၀ အရွယ် အဘိုးအို တစ်ဦးနဲ့ ကလေးငယ် တစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ဒီဗွီဘီကို ပြောပါတယ်။
ဒီနေ့မွန်းလွဲ ၂ နာရီခွဲအချိန်လောက်က အေးသာယာဈေးအနောက်လမ်း နေအိမ်တစ်လုံးကနေ မီးစတင် လောင်ကျွမ်းခဲ့တာ ဖြစ်ပြီး အဲဒီမီးဟာ လျှပ်စစ် ထမင်းပေါင်းအိုးတည်ထားရာကနေ အပူလွန်ကဲကာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တာပါ။
မီးလောင်ကျွမ်းမှုကြောင့် လေဖြတ်ထားတဲ့ အသက် ၈၀ အရွယ် အဘိုးအိုတစ်ဦးနဲ့ အသက် ၄ နှစ်ခွဲအရွယ် ကလေးငယ် တစ်ဦး သေဆုံးခဲ့ပြီး နေအိမ် ၄ လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။
မီးလောင်မှုကြောင့် သေဆုံးသွားတဲ့ အဘိုးအိုနဲ့ကလေးငယ်တို့ရဲ့ ရုပ်အလောင်းကိုတော့ မော်လမြိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေကနေ သိရပါတယ်။
အဲဒီမီးလောင်မှုကိုတော့ မွန်းလွဲ ၃ နာရီလောက်မှာ မီးငြှိမ်သတ်နိုင်ခဲ့ပြီး မီးလောင်မှုကြောင့် အေးသာယာဈေးလမ်း တစ်နာရီနီးပါးအကြာ လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်နေ့တုန်းကလည်း မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့ မီးလောင်မှုမှာ ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦး သေဆုံးထားပါတယ်။