
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့မှာ စစ်ကောင်စီတပ်သားတွေက နေအိမ်ထဲ အတင်းဝင်ရောက်ပြီး ဒေသခံပြည်သူတွေကို ဖေဖော်ဝါရီ ၂၈ ရက် ညမှာ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
စစ်ကောင်စီတပ်သားတွေက ဒေသခံပြည်သူ ၁၄ ဦးကို PDF နဲ့ ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခေါ်ဆောင်သွားတာလို့လည်း ဆိုပါတယ်။
“စစ်သားတွေက ညဘက်ဆို ဧည့်စာရင်း အမြဲဝင်စစ်တယ်။ စစ်သားအသစ်တွေလည်း ပါတယ်။ ဖမ်းဆီးခံရတဲ့သူတွေထဲမှာ ငွေကြေးတတ်နိုင်သူတွေနဲ့ ဆရာမတွေ ပါသွားတယ်” လို့ နီးစပ်ရာ ဒေသခံတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်ကလည်း တနင်္သာရီမြို့ထဲရှိ ဒေသခံပြည်သူ ၂၀ ကျော်လောက်ကို ဖမ်းဆီးခေါ်ဆောင်ခဲ့သေးတယ်လို့ သိရပါတယ်။
“စကစရဲ့လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး ကျနော်တို့မှာ တော်တော်ခံပြင်းရတယ်။ ပြီးခဲ့တဲ့ ၃ ရက်လောက်ကလည်း စကစက အဲလိုလာဖမ်းဆီးတာကြောင့် အမျိုးသမီးတဦး သွေးတက်ပြီး ဆုံးသွားသေးတယ်” လို့ အဆိုပါနီးစပ်ရာဒေသခံက ဆက်ပြောပါတယ်။
အဆိုပါဖမ်းဆီးခံရသူတွေကို စစ်ကောင်စီက ခမရ ၅၅၇ မှာ ထိန်းသိမ်းထားတယ်လို့လည်း သိရပါတယ်။
တနင်္သာရီမြို့နယ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်က စစ်အုပ်ချုပ်ရေး ကြေညာခံထားရပြီး စစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသလည်း ဖြစ်တယ်လို့ သိရပါတယ်။